ဘုန်းမောင်
ဒီဇင်ဘာ ၁၂၊ ၂၀၂၄။
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မှာ အတိုက်အခံအင်အားစုတွေဘက်က အသာစီးရလာနေတဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့တရုတ်ရဲ့ ရပ်ဝန်းနှင့်ပိုးလမ်းမအစီအစဥ်- BRI နဲ့ပတ်သက်တဲ့စီမံကိန်းတွေကို မြန်မာစစ်ကောင်စီက လုံခြုံအောင်အကာအကွယ်မပေးနိုင်တော့ဘူးလို့ တရုတ်အစိုးရဘက်က ယူဆ ထားပါတယ်။
ဒါကြောင့်လည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီထူထောင်ဖို့ကြိုးစားခြင်းအားဖြင့် မြန်မာ့ပဋိပက္ခမှာ တရုတ်ရဲ့ပါဝင်ပတ်သက်မှုတိုးလာအောင် အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။
မကြာသေးခင်ကပဲ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ တရုတ် – မြန်မာ နှစ်နိုင်ငံပူးပေါင်းလုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) ထူထောင်ဖို့အတွက် စစ်ကောင်စီကိုအဆိုပြုထားပြီး အဲဒီအဆိုပြုချက်ကို သဘောတူလက်မှတ်ရေးထိုးနိုင်ဖို့ လုပ်ငန်းကော်မတီဖွဲ့စည်းပြင်ဆင်ထားတယ်လို့ မြန်မာနိုင်ငံတော်ပြန်တမ်းမှာ စစ်ကောင်စီက နိုဝင်ဘာ ၈ ရက်ကဖော်ပြပါတယ်။
စစ်ကောင်စီရဲ့လုပ်ငန်းကော်မတီကို စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဦးဆောင်မှာဖြစ်ပြီး စစ်ဥပဒေချုပ်ရုံးကအရာရှိ ၁ ဦးနဲ့ ဌာနဆိုင်ရာအရာရှိအဖွဲ့ဝင် ၁၃ ဦးနဲ့ဖွဲ့စည်းထားတယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာ ၄ နှစ်နီးပါးကြာတဲ့အထိ ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ မြန်မာ့တော်လှန်ရေးတပ်ဖွဲ့တွေက နိုင်ငံ့ဧရိယာတစ်ဝက်ကျော်ကိုထိန်းချုပ်ထားနိုင်ခဲ့ပြီး မြန်မာ – တရုတ်နယ်စပ်မှာရှိတဲ့ အဓိကကုန်သွယ်ရေးလမ်းကြောင်းတွေကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၂ လအတွင်း စစ်ကောင်စီဟာ ကြီးမားတဲ့စစ်ရေးရှုံးနိမ့်မှုတွေနဲ့ကြုံတွေ့ခဲ့ပါတယ်။ ဘေဂျင်းအတွက်တော့ စစ်ကောင်စီရဲ့ရှုံးနိမ့်မှုက ကျယ်လောင်တဲ့အချက်ပေးခေါင်းလောင်းသံပါပဲ။
“တရုတ်နိုင်ငံရဲ့ အနောက်တောင်ပိုင်းပြည်နယ်တွေကိုသွယ်တန်းထားတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအပါအဝင် မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ပိုင်ဆိုင်မှုက ဒေါ်လာဘီလီယံပေါင်းများစွာရှိနေတယ်” လို့ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု United States Institute of Peace – USIP က မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါကပြောပါတယ်။
“မြန်မာစစ်တပ်ရဲ့လုံခြုံရေးကျိုးပေါက်နေတာက အကြိမ်ကြိမ်ရှိနေပြီ။ ဆိုတော့ သူ့ရဲ့ပိုက်လိုင်းလုံခြုံရေး အပါအဝင် နိုင်ငံပိုင်သတ္တုတူးဖော်ရေးစီမံကိန်းတွေ၊ အကောင်အထည်ဖော်ဖို့ပြင်ဆင်ထားတဲ့ အခြေခံအဆောက်အအုံနဲ့ ကုန်သွယ်မှုဆိုင်ရာစီမံကိန်းတွေမှာ တိုက်ရိုက်ပါဝင်ဆောင်ရွက်ဖို့ တရုတ်ကိုတွန်းအားပေး သလိုဖြစ်နေတယ်” လို့လည်း တာဝါက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
မြန်မာအတွက် တရုတ်ရဲ့ ခေတ်သစ်နယ်ချဲ့အစီအစဥ်
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်သလို စစ်ကောင်စီအတွက် လက်နက်အဓိကထောက်ပံ့ပေးနေသူလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘေဂျင်းကစစ်ကောင်စီအပေါ် ဩဇာလွှမ်းမိုးနိုင်ဖို့ သန္နိဋ္ဌာန်ချထားပုံပေါ်ပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လတုန်းကပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ခဲ့သလို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကလည်း တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် Li Qiang နဲ့တွေ့ဆုံဖို့ နိုဝင်ဘာလမှာပဲ တရုတ်နိုင်ငံကိုသွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဥ်အတွင်း စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံကစီးပွားရေးသမားတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း ဘေဂျင်းနဲ့စစ်ကောင်စီကြားနီးစပ်မှုတွေက မြန်မာနိုင်ငံမှာ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ် ကိုသာ ပိုပြီးကြီးထွားလာစေခဲ့ပါတယ်။ ပြီးခဲ့တဲ့လပိုင်းမှာတော့ မန္တလေးမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို အသေးစားဖောက်ခွဲရေးပစ္စည်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။
မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူဖြစ်သလို Progressive Voice of Myanmar ကိုတည်ထောင်ခဲ့တဲ့ ခင်ဥမ္မာ ကတော့ တရုတ်က စစ်ကောင်စီကိုကျောထောက်နောက်ခံပြုပေးနေတာဆိုတာက သိပ်ကိုသိသာပါတယ်လို့ ပြောပါတယ်။
“တရုတ်က မြန်မာ့တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ရေးဆိုင်ရာထောက်ပံ့မှုတွေပံ့ပိုးပေးရင်း တစ်ဖက်က လည်း ခြိမ်းခြောက်တဲ့နည်းလမ်းနဲ့ မြန်မာပြည်သူတွေရဲ့ အချုပ်အခြာအာဏာကို ဆန့်ကျင်ရန်စတဲ့အပြုအမူ တွေကို တိုးမြှင့်လုပ်ဆောင်နေတာပေါ့။ အဲဒါအပြင်ပေါ့လေ။ စစ်ကောင်စီရဲ့ရာဇဝတ်မှုတွေပါ တရုတ်က ပါဝင်ကူညီပေးနေတယ်။ စစ်ကောင်စီကိုလည်း တရားဝင်မှုအမှားကြီးပေးနေတယ်”လို့ DW ကိုပြောပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံဟာ သူရဲ့အိမ်နီးချင်းနိုင်ငံငယ်အပေါ် ကျုးကျော်မယ့်အစီအစဥ်လည်းရှိနေတယ်လို့ သူမကစွပ်စွဲခဲ့ပါတယ်။
တရုတ်ရဲ့အထောက်အပံ့အတွက် အဖိုးအခကဘာလဲ. . .?
ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာစစ်တပ်ရဲ့ဆုံးရှုံးမှုတွေကကြီးမားခဲ့ပြီး စစ်ကောင်စီရဲ့ဆုံးနိမ့်မှုတွေကို ဘေဂျင်းက လည်း သဘောကျပုံမပေါ်ပါဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေက တရုတ်နိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ဒေ သတွေမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အဝေးဆီမောင်းထုတ်နိုင်ခဲ့ပါတယ်။
“လုံခြုံရေးနဲ့ပတ်သက်ပြီး တရုတ်က ဘာကြောင့်စိတ်ပူနေရတာလဲဆိုတော့ မကြာသေးခင်တုန်းကပဲ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံခဲ့ရတာရယ်၊ အဓိကကျတဲ့ သတ္တုတူးဖော်ရေးစီမံကိန်းတွေ ပြန်ပြီးစတင်နိုင်ဖို့အတွက်ဆိုရင် လိုအပ်တဲ့လုံခြုံရေးကို မြန်မာစစ်တပ်က ပံ့ပိုးပေးနိုင်ပါတော့မလား ဆိုတာရယ်ကြောင့်ပါ။ ဒါတွေက လုံခြုံရေးကဏ္ဍမှာ တရုတ်ကတိုက်ရိုက်ပါဝင်ဖို့ တွန်းအားတွေပါ” လို့ အမေရိကန်အခြေစိုက်လေ့လာသုံးသပ်သူ တာဝါ ကပြောပါတယ်။
တရုတ်ကသူ့ကိုဖိတ်ခေါ်ဖို့ နှစ်အတော်ကြာအောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကစည်းရုံးလိုက်ရပြီး ဘေဂျင်းရဲ့တောင်းဆိုမှုတွေနဲ့ စစ်ကောင်စီရဲ့တရားဝင်မှုကို လဲလှယ်လိုက်တာလို့ရှုမြင်နိုင်ကြောင်း တာဝါက ထောက်ပြပြောဆိုလိုက်ပါတယ်။
မိတ်ဆွေကနေရန်သူဖြစ်သွားတဲ့ နယ်စပ်ကတော်လှန်သူများ
မြန်မာနိုင်ငံမှာ ဘေဂျင်းနဲ့ပူးပေါင်းဆောင်ရွက်နေတာ စစ်ကောင်စီတစ်ဖွဲ့တည်းတော့မဟုတ်ပါဘူး။ တရုတ် နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကိုးကန့်ဒေသမှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA ကလည်း တရုတ်နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုပါ။
ပြီးခဲ့တဲ့နှစ်မှာတော့ MNDAA က မြန်မာနိုင်ငံနယ်စပ်မြို့တွေမှာရှိတဲ့ ရာဇဝတ်ဂိုဏ်းတွေကို တရုတ်အလိုကျ နှိမ်နင်းပေးခဲ့ပြီး ဖမ်းဆီးရမိသူတွေကိုလည်း တရုတ်နိုင်ငံကိုလွှဲပြောင်းပေးခဲ့ပါတယ်။
ဒါပေမယ့်လည်း တရုတ်က MNDAA ရဲ့နယ်စပ်ဒေသထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရပ်တန့်လိုပုံပေါ်ပြီးနောက်ပိုင်း နှစ်ဖက်ဆက်ဆံရေးယိုယွင်းလာခဲ့ပါတော့တယ်။
MNDAA ဟာ အာရက္ခတပ်တော် – AA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA တို့ပါဝင်ဖွဲ့ စည်းထားတဲ့ ညီနောင်မဟာမိတ်အဖွဲ့ရဲ့တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေဟာ ဒေနှစ်နွေရာ သီမှာပဲ ကိုးကန့်နဲ့ လားရှိုးမြို့တွေမှာရှိတဲ့ မြန်မာစစ်တပ်တဲ့အချက်အခြာနေရာတွေကို သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။
ဒီနှစ်အောက်တိုဘာမှာတော့ ကိုးကန့်ခေါင်းဆောင် ဖုန်တာရွှင်ဟာ ဆေးကုသမှုခံယူဖို့ တရုတ်နိုင်ငံကိုသွား ရောက်ခဲ့တယ်ဆိုပေမယ့် တရုတ်ဘက်ခြမ်းမှာထိန်းသိမ်းခံထားရပြီး နေအိမ်အကျယ်ချုပ်ချခံထားရတယ်လို့ သိရပါတယ်။
MNDAA ကို ဖိအားမပေးနိုင်တော့တဲ့တရုတ်
တရုတ်က MNDAA ရဲ့စစ်ရေးအောင်မြင်မှုတွေကို ရပ်တန့်လိုတဲ့အတွက် MNDAA ကိုဖိအားပေးဖို့ကြိုးစားနေတယ်လို့ အရှေ့တောင်အာရှနိုင်ငံရေးကို အဓိကထားလေ့လာနေတဲ့ National War College က ပါမောက္ခဇာကရီအဘူဇာက DW ကိုပြောပါတယ်။
“စစ်ကောင်စီထက် သူတို့ကပိုပြီးတာဝန်ယူမှု တာဝန်ခံမှုရှိကြောင်းနဲ့ အစုအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း ရှိကြောင်းဆိုတာပြသဖို့ MNDAA ကကြိုးစားခဲ့ပါတယ်။ ဖုန်တာရွှင်ကို နေအိမ်အကျယ်ချုပ်ချလိုက်တယ်ဆိုတာကလည်း ထိုးစစ်ရပ်တန့်ဖို့တောင်းဆိုချက်တွေကို ညီနောင်မဟာမိတ်တွေကငြင်းပယ်လိုက်တာနဲ့ လားရှိုးမြို့ကို သိမ်းပိုက်လိုက်တဲ့အပေါ် ဘေဂျင်းကဒေါသူပုန်ထနေတဲ့အတွက်ကြောင့်ပါ” လို့ အဘူဇာက ပြောပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ တခြားသောလက်နက်ကိုင်တပ်ဖွဲ့တွေလိုပဲ MNDAA ကလည်း စစ်ကောင်စီပြုတ်ကျရေးကို အာရုံစိုက်နေပြီး မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှာ ‘၁၀၂၇ စစ်ဆင်ရေး’ လို့ နာမည်ပေးထားတဲ့စစ်ဆင်ရေးကို ကျန်တဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့ပူးပေါင်းလုပ်ဆောင်နေပါတယ်။
_______________________
“DW” မှာဖော်ပြထားတဲ့ “How far will China go to keep junta afloat?” ကို ဆီလျော်အောင်ရေးသားပါတယ်။