မိုးငယ်
ဒီဇင်ဘာ ၁၂၊ ၂၀၂၄။
ICC အစိုးရေရှေ့နေချုပ်ဖြစ်တဲ့ ကာရင်မ် အာဆက်ဒ် အာမက်ခန်း (Karim A.A. Khan) က အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်ကို “မြန်မာနိုင်ငံအတွင်းနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံရဲ့ နေရာအချို့မှာ ရိုဟင်ဂျာတွေကို အတင်းအကျပ်နေရပ်ရွေ့ပြောင်းစေတာနဲ့ ဖိနှိပ်တာအစရှိတဲ့ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက်” ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းက လျှောက်ထားခဲ့တာပါ။
ဒီလျှောက်ထားချက်နဲ့ပတ်သက်ပြီး ရိုဟင်ဂျာတွေသာမက နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်အရေးပါသလဲ၊ တစ်ဖက်မှာလည်း မြန်မာနိုင်ငံက အိုင်စီစီအဖွဲ့ဝင်မဟုတ်တဲ့အတွက် စစ်ခေါင်းဆောင်ဟာ အရေးမှုတွေကနေ ကင်းလွတ်နေမလားစတဲ့ အကြောင်းအရာတွေကို NUG အစိုးရအဖွဲ့၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်နဲ့ သံလွင်ခက်က ဆက်သွယ်မေးမြန်းထားပါတယ်။
သံလွင်ခက်- ရန်ကုန်မြို့မှာ ရိုဟင်ဂျာအခွင့်အရေးနဲ့ပတ်သက်ပြီး ဒုဝန်ကြီးနဲ့ အက်စတာတို့က ဆန္ဒထုတ်ဖော် ခဲ့တာရှိပါတယ်။ အဲဒီတုန်းက ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဝန်ကြီးတို့ လုပ်ဆောင်ခဲ့တဲ့အကြောင်းကို ပြန်ပြောပါဦး။
ဒုဝန်ကြီး- ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ကျွန်မရယ်၊ ရဲဘော်ဇင်လင်းရယ်၊ မအက်စတာ နဲ့သုံးယောက် “I Stand against Genocide” နဲ့ လူအုပ်ကြားမှာထိုင်ပြီး လှုပ်ရှားမှုကို လုပ်ခဲ့တယ်။ ကျွန်မတို့ ၃ ယောက် သည် လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်ပါတယ်ဆိုတဲ့အကြောင်း၊ ရိုဟင်ဂျာအခွင့်ရေးကို ထောက်ခံပါတယ် ဆိုတဲ့အကြောင်းရယ်၊ ICJ ကို ကြိုဆိုပါတယ်ဆိုတဲ့အကြောင်းရယ်နဲ့ ဒီလှုပ်ရှားမှုကို သွားလုပ်ဖြစ်တယ်။
နောက်တစ်ခုက လူအုပ်ကြီးကို အသိပေးချင်တာ။ ဘာကြောင့် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တာကို အုံလိုက်ကျင်းလိုက်ကြီး အားပေးနေတာလဲ။ ဒါသည် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်၊ ဒါကို ထောက်ခံစရာ မလိုဘူးဆိုပြီး အသိပညာပေးတာ။ နောက်တစ်ခုက ကျွန်မတို့ကို မေးလာခဲ့ရင်လည်း မေးခွန်းတွေ ဖြေနိုင်အောင် အများကြီးအသင့်ပြင်သွားတာရှိတယ်။ ဒါပေမယ့် ဒီလူအုပ်ကြီးဆီက ဘာမေးခွန်းမှ မေးလာတာမရှိဘူး။ ကျွန်မတို့ကို အာဏာပိုင်တွေက လာပြီး ထိုင်လို့မရဘူးဆိုပြီး လာတားမြစ်တာပဲရှိခဲ့တယ်။
နောက်တစ်ခုကတော့ အဲနေ့တစ်ရက်ထဲမှာပဲ ကျွန်မတို့ လူ့ဘောင်သစ်လူငယ်တွေရယ်၊ ဆရာမနောအုန်းလှရယ်က အမေရိကန်သံရုံးကိုသွားပြီးတော့ ICJ ကို ထောက်ခံကြောင်း စာသွားပို့တယ်။ ဒါ့အပြင် နောက်ထပ် လှုပ်ရှားမှုတစ်ခုက ဆူးလေပန်းခြံထဲမှာ လူ့အခွင့်အရေးကိစ္စနဲ့ ICJ ကို ထောက်ခံကြောင်း လက်ကမ်းစာ စောင်တွေ ဖြန့်ဝေခဲ့တယ်။
လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း လူ့အခွင့်အရေးအဖွဲ့အစည်းတော်တော်များများလည်း ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်ကြတာရှိတယ်။ ရန်ကုန်မြို့မှာတော့ ကျွန်မတို့လုပ်ဆောင်ခဲ့တာ မှတ်မှတ်ထင်ထင်ရှိနေတာ။
သံလွင်ခက်- အဲဒီအချိန်တုန်းက ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး လူအများနဲ့ လူအနည်းစု ရပ်တည်ချက်လို့ ဖြစ်နေတော့ ကိုယ့်အပေါ်မှာ ဝိုင်းဝန်း ပြောဆိုတာတွေ ခံခဲ့ရသေးလား။ ဘယ်လို ကျော်ဖြတ်ခဲ့လဲ။
ဒုဝန်ကြီး- ဝေဖန်မှုတွေကတော့ ရှိတယ်။ အပြစ်တင်မှု၊ ဆဲဆိုမှုတွေက အများကြီးပဲရှိတယ်။ တချို့အရာတွေ ဆို အသက်အန္တာရာယ် ခြိမ်းခြောက်စာပို့တာ၊ တချို့ဆိုရင် ကိုယ်ထိလက်ရောက်ပတ်ဝန်းကျင်မှာ လာပြီး ဒီကိစ္စလှုပ်ရှားလို့ ခြိမ်းခြောက်တာတွေရှိတယ်။ ဒါတွေက ကျွန်မတစ်ယောက်တည်းတော့ ကြုံတွေ့ရတာ မဟုတ်ပါဘူး။ လူနည်းစုအရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတဲ့သူတွေ၊ အမှန်တရားဘက် တော်သားတွေ ဒီလိုလှုပ်ရှားမှုလုပ်တဲ့အခါ ကြုံတွေ့ရတတ်တယ်။ ဒီလိုကြုံတွေ့ရတဲ့အခါ ကျွန်မလည်း ကိုယ်ရပ်တည်ချက် ပေါ်မှာပဲ ခိုင်ခိုင်မာမာရပ်တည်ပြီး ကျော်ဖြတ်ခဲ့တယ်။
အဲတုန်းကတော့ အားမလို အားမရတွေဖြစ်တာတော့ ရှိတာပေါ့။ ငါတို့ပေးတဲ့ သတင်းစကားက လူထုထဲမှာ ကောင်းကောင်းမွန်မွန် ပြန့်သွားရဲ့လား၊ နောက်တစ်ခုက ဘာကြောင့်မို့ ကျွန်မတို့ ရပ်တည်ပြောလဲဆိုတာကို နားလည်စေချင်တယ်။ ဒီအချက်တွေအပေါ်မှာ အားမလို အားမရတာတွေ အများကြီးရှိခဲ့တယ်။ ဒီလိုပါပဲ အမှန်တရားဘက်က လှုပ်ရှားဆောင်ရွက်ရတိုင်း အမြဲတမ်း အခက်အခဲတွေကတော့ ရှိတာပါပဲ။ ဘယ်တော့ မှ လွယ်ကူတာတော့ မရှိပါဘူး။
သံလွင်ခက်- ဝန်ကြီးတို့ ရပ်တည်ချက်က လူအများထက် လူ့အခွင့်အရေးပေါ်ရပ်တည်ခဲ့တာကြောင့် အခုချိန်မှာဆိုရင် ကိုယ့်ရပ်တည်ချက်က အများအတွက် စံနမူကောင်းဖြစ်ခဲ့တယ်လို့ ဆိုရမယ်။ ဘယ်လို ပြန်လည်သုံးသပ်ပါသလဲ။
ဒုဝန်ကြီး- အစကောင်းခဲ့တယ်လို့ပဲ သုံးသပ်တယ်။ ကိုယ်ရပ်တည်ချက်ပေါ်မှာ ကိုယ် ယုံကြည်တဲ့ ယုံကြည်ချက်အပေါ်မှာ အစကောင်းခဲ့တယ်။ အဲဒီအတွက် ကောင်းမွန်ရလဒ်ကိုပဲ ကျွန်မပြန်ခံစားရတယ်လို့ပဲ ကျွန်မ ထင်တယ်။ ကိုယ်စိုက်ပျိုးခဲ့သလောက်ကို ပြန်ရိတ်သိမ်းရတာပဲလေ။ ကိုယ့်ယုံကြည်ချက်ပေါ်မူတည်ပြီးတော့ ပြောခဲ့၊ ဆိုခဲ့၊ လုပ်ခဲ့တာတွေအားလုံးက အရင်တုန်းက ပြောစရာ၊ ဝေဖန်စရာဖြစ်ပေယ့် ဒီကနေ့အချိန်မှာတော့ ဂုဏ်ယူစရာဖြစ်တာပေါ့။
သံလွင်ခက်- အခုဆိုရင် မင်းအောင်လှိုင်ကို အိုင်စီစီမှာ ဖမ်းဝရမ်းထုတ်ဖို့ ဖြစ်လာတဲ့ အခြေအနေက ရိုဟင်ဂျာတွေအတွက်သာမက မြန်မာပြည်သားတွေအတွက် ဘယ်လောက်အရေးပါလဲခင်ဗျ။
ဒုဝန်ကြီး- မင်းအောင်လှိုင်ကတော့ အခုချိန်မှာ တိုင်းပြည်ရဲ့ ရန်သူပဲလေ၊ တစ်တိုင်းပြည်လုံးကို နှိပ်စက်ညှင်း ပန်းနေတဲ့သူတွေပဲ၊ ဆိုတော့ ဒီလိုလူမျိုးကို ဖမ်းဝရမ်းထုတ်ဖို့အခြေအနေဖြစ်လာတာက ဒါတစ်တိုင်းပြည်လုံး အတွက် ဝမ်းသာစရာသတင်းလို့ပဲ မျှော်လင့်တယ်။
ပြီးတော့ ဒီကနေ့ကာလ နွေဦးတော်ရေးကို ရှု့ထောင့်ပေါင်းစုံ၊ ဘက်ပေါင်းစုံ၊ လူမျိုးပေါင်းစုံက တောင်ပေါ် မြေပြန့်မကျန် ဆင်နွှဲနေတဲ့ ကာလဖြစ်တယ်။ ဒါက ကျွန်မတို့ရဲ့ လွတ်လပ်ရေးတိုက်ပွဲလို့တောင် ပြောလို့ရတယ်။ စစ်အာဏာရှင်စနစ်ကနေ တစ်တိုင်းပြည်လုံး လွတ်မြောက်ဖို့ တိုက်နေတဲ့ကာလဖြစ်တယ်။ ဒီလိုအချိန် ကာလမှာအကြမ်းဖက် သောင်းကျန်းသူဖြစ်တဲ့ စစ်တပ်၊ လူထုရဲ့ရန်ဘက်၊ လူထုရဲ့ ရန်သူ၊ ဒီလိုအကြမ်းဖက်စစ်တပ် သောင်းကျန်သူတွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မင်းအောင်လှိုင်ကို ဖမ်းဖို့ ဖမ်းဝရမ်းထုတ်လိုက်ဖို့ ကြေညာချက်က နိုင်ငံရေးအရရော၊ လူထုအတွက်ရော အားတက်စရာတွေအများကြီးဖြစ်တယ်လို့ ကျွန်မမြင်တယ်။
ဒီလိုထွက်ပြီးချင်းမှာ အကြမ်းဖက်စစ်တပ်ထဲမှာ အများကြီးပဲ စိုးရိမ်စရာတွေဖြစ်လာတယ်၊ အရေးပေါ်အစည်းဝေးခေါ်တာတွေလည်း ကျွန်မတို့ ကြားရတယ်။ ဒါဟာ ရန်သူဘယ်လောက် တုန်လှုပ်သလဲဆိုတာ အနည်းနဲ့အများ မြင်သာတယ်လို့ ကျွန်မထင်တယ်။
သံလွင်ခက်- စစ်ခေါင်းဆောင်ကို အိုင်စီစီမှာ ဖမ်းဝရမ်းထုတ်လာခဲ့ရင်ရော မြန်မာပြည်အတွက် ဘာတွေအကျိုးရလဒ် ရနိုင်မလဲ။
ဒုဝန်ကြီး- မင်းအောင်လှိုင်က ဒီကနေ့အချိန်မှာ အကြမ်းဖက်သောင်းကျန်သူဖြစ်တယ်။ ပြည်သူလူထုရဲ့ရန်ဘက်ဖြစ်တဲ့ အကြမ်းဖက်ခေါင်းဆောင်ဖြစ်တယ်။ ဒီလိုမျိုး သောင်းကျန်းသူ ခေါင်းဆောင်တစ်ယောက်ကို ICC က ဖမ်းဝရမ်းထုတ်ခဲ့ရင် ဒါက ဝရမ်းပြေးဖြစ်သွားပြီ။ ဒီလို ဝရမ်းပြေးစစ်တပ်ခေါင်းဆောင်၊ ဝရမ်းပြေးတစ်ယောက်ကို ဘယ်သူက တရားဝင်ထောက်ခံမှာလဲ။ နိုင်ငံရေး အရရော ဘယ်နိုင်ငံက စကားပြောမှာလဲဆိုတာ အရမ်းအရေးကြီးလာတဲ့ ကိစ္စဖြစ်လာပြီ။ ကျွန်မတို့ဘက်က နိုင်ငံရေးအရ လက်ဦးမှုရှိရှိ လုပ်ဆောင်နိုင်ခဲ့မယ်ရင် တော်လှန်ရေးမှာ အများကြီးထိရောက်တဲ့ ကိစ္စလို့ ကျွန်မသုံးသပ်ပါတယ်။
သံလွင်ခက်- အမျိုးသားညီညွတ်ရေးအစိုးရကလည်း ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ပြန်လည်တောင်းပန်ခဲ့ တာတွေရှိသလို စစ်ခေါင်းဆောင်ကို အိုင်စီစီမှာ ဝရမ်းထုတ်ဖို့ လျှောက်တင်လာတဲ့ အပေါ် NUG ကြိုဆိုတာမျိုးရှိတယ်။ ဒီအပေါ် ဘယ်လို ပြောဆိုချင်လဲခင်ဗျ။
ဒုဝန်ကြီး- အမျိုးသားညီညွတ်ရေးအစိုးရကလည်း ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ပြန်လည်တောင်းပန်ခဲ့တာ ရှိတယ်။ ကျွန်မတို့ အစိုးရအဖွဲ့ဝင်ထဲက လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးဆိုရင်လည်း ရိုဟင်ဂျာတစ်ဦး ဖြစ်တယ်။ လက်ရှိ ICC မှာ မင်းအောင်လှိုင်ကို ဝရမ်းထုတ်ဖို့ လျှောက်တင်တဲ့အခါ NUG အနေနဲ့ ကြိုဆိုခဲ့ တာမျိုးတွေရှိတယ်။ ဒါက အစိုးရတစ်ခုလုံးအနေနဲ့ ကြိုဆိုခဲ့တာဖြစ်တဲ့အတွက် ကျွန်မကလည်း NUG အစိုးရအဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့အတွက် ဒီအပေါ်မှာ သဘောထားအတူတူပါပဲ။
သံလွင်ခက်- တဖက်မှာကလည်း ICC မှာ ဖမ်းဝရမ်းထွက်လာရင်တောင် အဖွဲ့ဝင်နိုင်ငံတွေက ဖမ်းပေးမှ ရတယ်။ မဖမ်းရင်လည်း ဘာမှမဖြစ်ဘူးဆိုတာမျိုးတွေရှိတော့ ဘယ်လိုအခြေအနေဖြစ်လာနိုင်မလဲ။
ဒုဝန်ကြီး- ကျွန်မအနေနဲ့ကတော့ လူထုအတွက် အားလျော့စရာတွေမပြောချင်ဘူး။ ကျွန်မကတော့ အား တက်စရာတွေပဲ ပြောချင်တယ်။ ဘာလို့လဲဆိုတော့ တော်လှန်ရေးကို စိတ်ဓာတ်ခွန်အားတွေနဲ့ အားသွန်ခွန် စိုက်ကြိုးစားနေတဲ့အခြေအနေမှာ ကျွန်မကတော့ လူထုကို အားတက်စရာ တွေပဲပြောချင်တယ်။ အနည်းနဲ့အများကတော့ စစ်တပ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်သွားတယ်။
ဒီသတင်းတွေထွက်တဲ့အချိန်မှာ စစ်တပ်ထဲမှာ အရေးပေါ်အစည်းအဝေးတွေ ခေါ်ယူတာ၊ နိုင်ငံခြားသွားမဲ့ အစီစဉ်တွေ ရွေ့ဆိုင်းတာတွေဖြစ်သွားတဲ့အတွက် ကျွန်မတို့ဘက်ထဲမှာ အားလျော့စရာစကားတွေ မပြောချင်သေးဘူး။
ဘာပဲပြောပြော ပေးလာတဲ့အခွင့်အရေးပေါ် ကို အကောင်းဆုံးအသုံးချဖို့ဆိုတာကတော့ ကျွန်မတို့ အရည်အချင်း၊ ကြိုးစားအားထုတ်မှုနဲ့သက်ဆိုင်တယ်။ ကျွန်မကတော့ ပေးလာတဲ့အခွင့်အရေးကို အကောင်းဆုံးအသုံးချသွားဖို့၊ ကြိုးစားသွားဖို့ စဉ်းစားထားပါတယ်။
သံလွင်ခက်- ဒီတော့ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအဖွဲ့ဟာ အရေးယူခံရမှုက နေဆက်ပြီး ကင်းလွတ်နေဦးမလားပေါ့။ မေး- ဒီကိစ္စကို ဘယ်လို ဖြေရှင်းသင့်လဲ။
ဒုဝန်ကြီး – ဒီမေးခွန်းကို ၂ ပိုင်းခွဲပြီး စဉ်းစားတယ်။ နံပတ် (၁) ကတော့ နာမည်ကြီးနေတဲ့ အိုင်စီစီ၊ အိုင်စီဂျေပေါ့၊ နံပတ် (၂) ကတော့ ကျွန်မတို့ရဲဘော်တွေနဲ့ မဟာမိတ်တိုင်းရင်းသားအင်အားစုတွေရဲ့ တော်လှန်ရေးစစ်ပွဲအခြေအနေဆိုပြီး ခွဲပြီးစဉ်းစားတယ်။
ICC နဲ့ ICJ သည် အချိန်ကြာကြာ မကြာကြာ ဒါကသည် သူရဲ့ လုပ်ရိုးလုပ်စဉ်၊ ထုံးစံတွေအတိုင်းဆက် သွားပေါ့။ ဒါက တစ်ပိုင်း။
နောက်တစ်ခုက ကျွန်မတို့တော်လှန်ရေးရေချိန်သည် ကျွန်မတို့ရဲ့လုပ်နိုင်စွမ်းပေါ်မူတည်တယ်။ အခုလည်း တိုက်ပွဲအခြေအနေ၊ တော်လှန်ရေးအခြေအနေတွေကို ပြန်ကြည့်ရင် မြို့သိမ်းတိုက်ပွဲတွေအများကြီးပဲ ဆင်နွှဲနိုင်တာတွေရှိတယ်။ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ ကျွန်မတို့ တော်လှန်ရေးရဲဘော်တွေက တိုက်ခိုက်သိမ်းပိုက်ထားတာတွေရှိတယ်။
ဆိုတော့ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေက အရေးယူမှုက ဆက်ပြီးကင်းလွတ်နေမလားဆိုတာကတော့ ကျွန်မတို့တိုက်ပွဲရဲ့ အဆုံးအဖြတ်ပေါ်မှာပဲမူတည်တယ်လို့ ကျွန်မတော့ ထင်တယ်။
ဒီတော်လှန်ရေးမှာ ကျွန်မတို့ကသာနိုင်သွားရင် လူထုခုံရုံးမှာ၊ လူထုတရားရုံးမှာ ဒီရာဇဝတ်သားတွေကို သူတို့ရဲ့ ပြစ်မှုပြစ်ဒဏ်အလိုက် ကျွန်မတို့ စီရင်ဆုံးဖြတ်လို့ရတယ်။ စီရင်ဆုံးဖြတ် နိုင်လိမ့်မယ်။ အရေးကြီးဆုံးကတော့ ကိုယ့်တိုက်ပွဲကို ကိုယ့်ဘာသာအနိုင်တိုက်ပြီး ကိုယ့်ဘာသာကို အနိုင်ယူတာက အရေးကြီးဆုံးပဲလို့ ထင်တယ်။
ကျွန်မတို့စခဲ့တဲ့လမ်း ကျွန်မတို့ဆုံးအောင်ဆက်လျှောက်မယ်။ ဒီရာဇဝတ်သားတွေကို လူထုခုံးရုံးမှာ ကျွန်မတို့ကိုယ်တိုင် အပြစ်ပေးမယ်။ ဒါကတော့ ကျွန်မတို့လုပ်ရမဲ့တာဝန်လို့ ယုံကြည်တယ်။
သံလွင်ခက်- အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။