သံလွင်ခက်
ဒီဇင်ဘာ ၁၁၊ ၂၀၂၄။
ရခိုင်ပြည်နယ် မောင်တောမြို့၏ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅)ကို အာရက္ခတပ်တော်-AA က အပြီးသတ်သိမ်းပိုက်ပြီး မောင်တောဒေသတစ်ခုလုံးအား အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ တိုက်ပွဲအတွင်း စစ်သုံ့ပန်းများ ဖမ်းဆီးရမိခဲ့သည်ဟု AA က ယနေ့နံနက်အစောပိုင်းတွင် သတင်းထုတ်ပြန်သည်။
နခခ (၅) စခန်းကို လွန်ခဲ့သည့် နှစ်လခန့်ကတည်းက ဝန်းရံပိတ်ဆို့ထားကာ အောက်တိုဘာ ၁၄ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၅၅ ရက် ခန့်အကြာတွင် AA က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅၀ဦးနှင့်အထက် သေဆုံးနိုင်ပြီး ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ကြည်း/ ၂၆၈၉ရ ၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်၊ ကြည်း/၆၁၃၃၅ တတိယတန်း ဦးစီးအရာရှိတို့အပါအဝင် အရာရှိ၊ စစ်သည်အမြောက်အမြားတို့ နှင့် RSO၊ ARSA၊ ARA တပ်ဖွဲ့ဝင်တို့ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။
သိမ်းပိုက်ရန်ကျန်ရှိနေသော မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွမြို့ များမှ စစ်ကောင်စီတပ်၏ စခန်းများကိုလည်း AA က တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်လျက်ရှိရာ မောင်တောမြို့ရှိ နောက်ဆုံးလက်ကျန်စခန်း နခခ-၅ ကို ဒီဇင်ဘာ ၈ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် အပြီးသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သောကြောင့် မောင်တော ဒေသတစ်ခုလုံးကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့သည်။
နခခ-၅ စခန်းသည် မောင်တောမြို့၏ မြို့သူကြီးရပ်ကွက်တွင်တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀၀ ကျော် စခန်းချတပ်စွဲထားသော စခန်းကြီးတစ်ခုဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှစတင်ကာ ယခုအချိန်အထိ ရခိုင်ပြည်နယ်ရှိ မြို့ပေါင်း ၁၁ မြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကို AA က သိမ်းပိုက်ထားနိုင်ခဲ့သည်။
ဓာတ်ပုံ-AA Info Desk video စခရင်ရှော့။