ဆန်ဆိုတာ မြန်မာနိုင်ငံက ပြည်သူတွေအတွက်တော့ အဓိက စားသောက်ဖွယ်ရာ အစားအစာတစ်ခုပါ။ ဆန်ကို ကမ္ဘာမှာ မြန်မာအပြင် အာရှက ပြည်သူတွေလည်း စားသုံးကြပါတယ်။
မြန်မာနိုင်ငံဟာ အာရှတောင်ပိုင်းမှာ ထိပ်တန်းအရည်အသွေးမှီဆန်တွေ တင်ပို့နိုင်တဲ့ နိုင်ငံတွေထဲက တစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မြန်မာ့ဆန်ဈေးဟာ ပြည်တွင်းမှာတင် ဈေးအဆမတန်မြင့်တက်လာပြီး ပြည်သူတွေအတွက်ပါ စိုးရိမ်စရာကောင်းလောက်အောင် အကျိုးသက်ရောက်မှု ဖြစ်ပေါ်နေပါတယ်။
ဆန်စျေး အဆမတန်မြင့်တက်လာစေတဲ့အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲဆိုတာ ကြည့်ကြရအောင်ပါ။
**************
မြန်မာနိုင်ငံမှာ ကိုဗစ် – ၁၉ မဖြစ်ပွားမီကာလ ၂၀၁၅ ခုနှစ်ကနေ – ၂၀၁၉ ခုနှစ်အထိ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်ရဲ့ တန်ဖိုးဟာ ကျပ်ငွေ ၅ သောင်းကနေ ၆ သောင်းခွဲ ဝန်းကျင် ရှိခဲ့ပါတယ်။
အဲလိုတည်ငြိမ်နေတဲ့ ဈေးကွက်အခြေအနေကနေ ဆန်ဈေးကွက်က တစ်ဖြည်းဖြည်းချင်း မြင့်တက်လာပါတယ်။ ကမ္ဘာမှာ ၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကပ်ရောဂါ ကိုဗစ် – ၁၉ ဟာလည်း မြန်မာနိုင်ငံကို ရိုက်ခတ်ခဲ့ပါတယ်။
ကိုဗစ် – ၁၉ လှိုင်း ဖြစ်ပွားနေချိန်မှာပဲ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပိုက်လိုက်ပြီး မြန်မာနိုင်ငံအနှံ့ စစ်မီးတွေ တောက်လောင်ခဲ့ပါတယ်။ အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာနိုင်ငံရဲ့ ဆန်ဈေးနှုန်းက ပိုဆိုးရွားလာပြီးတော့ လျင်လျင်မြန်မြန်ကို ထိုးတက်လာခဲ့တာပါ။ လက်ရှိ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလရဲ့ ရွှေဘိုပေါ်ဆန်ဈေးနှုန်းကတော့ တစ်အိတ်မှာ ၁၄၀,၀၀၀ ကျပ်ကနေ ၁၅၀,၀၀၀ ကျပ်ရှိပါတယ်။
ဒီလိုဖြစ်လာရတဲ့ အကြောင်းအရင်းများစွာ ရှိနေတာပါ။
ပထမတစ်ချက်ကတော့ – ဆန်စိုက်ပျိုးတဲ့ တောင်သူတွေ တိုက်ပွဲတိမ်းရှောင်နေရပါတယ်။
နောက်တစ်ချက်တော့ – တိုက်ပွဲကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး လမ်းပိတ်မှုတွေ ဖြစ်ပေါ်နေလို့ ဆန်ဈေးတွေ မြင့်တက်နေတာပါ။
တတိယအချက်ကတော့ – အစိုးရရဲ့ စီမံချက်နဲ့ ဆန်တွေကို ပြည်ပတင်ပို့မှု မြင့်တင်လိုက်တာဖြစ်ပြီး
စတုတ္ထအချက်ကတော့ – သဘာဝရာသီဥတု ဖောက်ပြန်မှုနဲ့
နောက်ဆုံးအချက်ကတော့ – မြန်မာကျပ်ငွေဈေး ဖောင်းပွပြီး ငွေကြေးတန်ဖိုးကျဆင်းနေတာကြောင့်ပါ။
အကြောင်းအရင်းများစွာထဲက တစ်ချက်ကတော့ တိုက်ပွဲတွေကြောင့် တောင်သူတွေ စစ်ဘေးတိမ်းရှောင်နေရပြီး စပါးစိုက်ပျိုးချိန် မစိုက်ပျိုးနိုင်တာ၊ ရိတ်သိမ်းချိန် မရိတ်သိမ်းနိုင်တာလည်း ဆန်ဈေးတက်ရတဲ့ အကြောင်းအရင်း တစ်ရပ် ဖြစ်နေပါတယ်။
အဲဒါအပြင် တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကာလကြာ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေကာ လမ်းခရီး ခက်ခဲ ကြန့်ကြာတာတွေကြောင့် ဆန်သယ်ယူရာမှာ ခက်ခဲပြီး ပြည်သူတွေထံ ရောက်ရှိချိန် ဆန်ဈေးတွေ မြင့်တက်နေတာပါ။
ဒီကြားထဲ စစ်လက်နက်ပစ္စည်းတွေ ပိုမိုလိုအပ်လာတဲ့ စစ်ကောင်စီတပ်ဟာ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ ဒေါ်လာ လိုအပ်ချက် မြင့်မားလာပြီး ဆန်ကို ပြည်တွင်းလိုအပ်ချက်ဖူလုံဖို့ထက် ပြည်ပ ဝင်ငွေ ပိုမိုရရှိလာဖို့ စီမံချက်တွေ ချနေတာလည်း ပြည်တွင်းမှာ ဆန်စျေး တက်အောင် လုပ်သလို ဖြစ်နေပါတယ်။
မြန်မာနိုင်ငံရဲ့ သဘာဝရာသီဥတု ဖောက်ပြန်မှုနဲ့ ရေကြီးရေလျှံဖြစ်မှုကလည်း ဆန်ဈေးတက်ရခြင်းရဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်နေတာပါ။ ၂၀၂၄ ခုနှစ် စက်တင်ဘာလက ဖြစ်ပေါ်ခဲ့တဲ့ တိုင်ဖုန်းရာဂီ (Yagi) ကြောင့် မြန်မာနိုင်ငံမှာ စပါးနဲ့ သီးနှံမျိုးစုံစိုက်ဧကပေါင်း ၆ သိန်း ၄ သောင်းကျော် ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီသတင်းတွေက ဖော်ပြပါတယ်။
ဒါတွေအပြင် စစ်အာဏာရှင်တွေရဲ့ စီမံခန့်ခွဲမှု အမှားတွေကြောင့် မြန်မာ့ငွေတန်ဖိုးကလည်း ကျဆင်းလာသလို စိုက်ပျိုးရေးအတွက် ပြည်ပကနေ တင်သွင်းရတဲ့ ဓာတ်မြေဩဇာတွေ ၃ ဆ လောက်ထိ စျေးတက်ကုန်တာ၊ စစ်ဒဏ် ရှောင်ရရင်း ဓာတ်မြေဩဇာဈေးတွေ မြင့်တက်နေတာလည်း စပါးစိုက်တဲ့ တောင်သူတွေအတွက် အခက်ကြုံနေရတာကလည်း ဆန်စျေး တရိပ်ရိပ် တက်လာနေရခြင်းရဲ့ အကြောင်းရင်းတွေဖြစ်နေပါတယ်။
ဒီလို အကြောင်းအချက်တွေကြောင့် ဆန်စျေးတင်မက အထွေထွေ စားသောက်ကုန်တွေပါ စျေးတွေ တက်လာနေခဲ့ပေမယ့် မြန်မာနိုင်ငံက ပြည်သူတွေရဲ့ လုပ်ခလစာကတော့ အခြေခံလူတန်းစားတိုင်း အတွက် သိသိသာသာတိုးလာတာမျိုး မဟုတ်လို့၊ ပြည်တွင်းနေ ပြည်သူတွေဟာ တစ်နေ့တခြား စားဝတ်နေရေး ပိုမိုကျပ်တည်းလာပြီး အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေနဲ့ ရှင်သန်နေထိုင်နေကြရပါတယ်။
ဆန်ဈေးအခြေအနေနဲ့ ပတ်သတ်ပြီး သတင်းကောင်းတော့ ပြောချင်ပေမယ့်၊ လက်ရှိမှာတော့ အပေါ်က အကြောင်းအရာတွေကြောင့် ပြည်သူအချင်းချင်းရိုင်းပင်းကူညီကာ နေထိုင်သွားကြဖို့တိုက်တွန်းအပ်ပါတယ်။