သံလွင်ခက်
ဒီဇင်ဘာ ၉၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီတပ်၏ အမြောက်တပ်စခန်းကို အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLA တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု DPLA က ထုတ်ပြန်သည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသအနီးတစ်ဝှက်တွင် ယနေ့နံနက် အစောပိုင်းကတည်းက တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLA ၏ ပြောရေးဆိုခွင့်ရှိသူ အမောင်က သံလွင်ခက်ကို ပြောသည်။
“တိုက်ပွဲပြင်းထန်ပါတယ်။ ဒီနေ့တင် ဒရုန်းသုံးပြီး တိုက်ခိုက်တာရှိတယ်” ဟု ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် ကျောက်ဂူဒေသ၏ နယ်မြေခံ တပ်စခန်းများဖြစ်သည့် ကျောက်ဂူအမြောက်တပ် (အ.မ.တ – ၃၄၉) နှင့် နောင်ဝိုးကျေးရွာရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခ.လ.ရ – ၂၉၂ တို့မှ ထွက်လာသည့် စစ်ကြောင်းဖြစ်ပြီး အင်အား ၅၀၀ ခန့်ရှိသည့် စစ်ကြောင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLA တပ်ဖွဲ့ဝင်တို့သည် ယခုနှစ် နိုဝင်ဘာ ၃၀ ရက် ကတည်းကပင် ထို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ ၁၀ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLA တပ်ဖွဲ့ဝင်တို့ကို ဒရုန်းများ အသုံးပြုကာ ဓာတုဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသော်လည်း သံလွင်ခက် သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် ယခုနှစ် ဩဂုတ်လ ၈ ရက်တွင်လည်း DPLA နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးပြီး ၈ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။