သံလွင်ခက်
ဒီဇင်ဘာ ၇၊ ၂၀၂၄။
ရန်ကုန်တိုင်း စစ်ကောင်စီမှော်ဘီလေတပ်စခန်းအတွင်းရှိ Y-12 တိုက်ခိုက်ရေးစစ်လေယာဉ်များထားရှိရာ လေယာဉ်ရုံအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု Brave Warriors for Myanmar-BWM က ယနေ့တွင် ထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် လေတပ်အရာရှိသုံးဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး လေတပ်စီမံခန့်ခွဲရေးမှူးအပါအဝင် အရာရှိနှစ် ဦး နှင့် အခြားအဆင့်တပ်ဖွဲ့ဝင် ငါဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။
BWM ၏ တာဝန်ရှိသူတစ်ဦးက “သေဆုံးတာကို ယုံကြည်စိတ်ချရတဲ့သတင်းပေးတွေဆီကနေတစ်ဆင့် သိရတာဖြစ်ပါတယ်။ ရှော့တိုက်ဒုံးငါးလုံးကတော့ မှော်ဘီလေတပ်ဝန်းထဲကို အားလုံးကျသွားပါတယ်” ဟု သံလွင်ခက်ကိုပြောသည်။
မြို့ပြပြောက်ကျားအဖွဲ့ BWM နှင့် မဟာမိတ် Shadow SAF အဖွဲ့တို့ပူးပေါင်း၍ BWM ၏ မစ်ရှင် ၂၅ အနေဖြင့်သော်လည်းကောင်း၊ Shadow SAF အဖွဲ့၏ Urban Special Operation-USO ကို ဖော်ဆောင်သည့်အနေဖြင့်လည်းကောင်း ယမန်နေ့ ၉နာရီ ၅၀ မိနစ်ခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုကြောင့် Y-8 ထောက်ပို့စစ်လေယာဥ်တစ်စင်း နှင့် Y-12 တိုက်ခိုက်ရေး စစ်လေယာဥ်တစ်စင်းတို့အပြင် ဂိုဒေါင်၊ ပြေးလမ်း နှင့် စီမံခန့်ခွဲသောရုံးတို့လည်းမီးလောင်ပျက်စီးသွားသည်ဟု BWM ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မှော်ဘီလေတပ်သည် ကရင်နီ၊ ကရင်၊ မွန် နှင့် တနင်္သာရီ ကမ်းရိုးတန်း ကို အဓိက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည့် လေတပ်စခန်း ဌာနချုပ်ဖြစ်သလို နိုင်ငံတကာမှ စစ်နှင့် အရေးကြီးပစ္စည်းများကို လက်ခံဖြန့်ဖြူးသော အဓိကကျသည့် လေတပ်စခန်းလည်းဖြစ်သည်။
ဓာတ်ပုံ-BWM