သံလွင်ခက်
ဒီဇင်ဘာ ၇၊ ၂၀၂၄။
ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃၀နီးပါးကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တစ်ခုတည်းသာ ကျန်ရှိတော့သည်ဟု AAက အသိပေးသည်။
အမ်းမြို့နယ်အတွင်း စစ်ကောင်စီ၏ ဗျူဟာဌာနချုပ်များ၊ တပ်ရင်းဌာနချုပ်များ၊ ကာကင်းစခန်းကြီး၊ စခန်းငယ်များအားလုံးကို သိမ်းပိုက်ထားနိုင်သည်ဟု ဆိုသည်။
လေဆိပ်၊ တိုက်ခိုက်ရေးတပ်ရင်းများ၊ ဝန်ကြီးဌာနရုံးအားလုံး အပါအဝင် အမ်းမြို့ကို ထိန်းချုပ်ထားနိုင်ပြီး နပခ တိုင်းစစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု အသိပေးထားသည်။
ပြီးခဲ့သည့် ဧပြီလမှစ၍ အာရက္ခတပ်တော်က စစ်ရေးအရ အရေးပါသည့် တောဟိန်းတောင် ဗျူဟာကုန်းကို စတင်တိုက်ခိုက်ရာမှ အမ်းမြို့ထိုးစစ် စတင်ခဲ့သည်။
အမ်းမြို့အခြေစိုက် တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့လျှင် တော်လှန်ရေးတပ်များ သိမ်းပိုက်နိုင်သည့် ဒုတိယမြောက် တိုင်းစစ်ဌာနချုပ် ဖြစ်လာမည် ဖြစ်သည်။
Photos- AA Info Desk