ကရင်ပြည်နယ်၊ KNU ထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၅ အခြေစိုက် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်– BPLA မှ အပတ်စဉ် ၅ အခြေခံစစ်သင်တန်းအတွက် တပ်ရင်းတစ်ရင်းစာ လူသစ်စုဆောင်းမှု စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။
BPLA တပ်တော်၌ ဗမာတိုင်းရင်းသားရဲဘော် ၉၅ ရာခိုင်နှုန်းထိရှိကာ အများစုမှာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှ လာရောက်သူများဖြစ်ကြောင်းသိရသည်။ အမျိုးသမီးစစ်မေ ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး တပ်၏ဦးဆောင်မှုပိုင်းများတွင်လည်း အမျိုးသမီးများကိုပါ နေရာပေးထားခြင်းများရှိကြောင်း BPLA တာဝန်ခံမောင်ဆောင်းခထံမှ သိရသည်။
“လူမျိုးစုတိုင်းအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိပြီး ဖက်ဒရယ်ပြည်ထောင်စုမှာရှိတဲ့ ပြည်နယ်တွေ သဟဇာတဖြစ်ဖြစ်ရပ်တည်လာနိုင်ဖို့နဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီတွေပြည့်ဝတဲ့နိုင်ငံတော်သစ်တည်ဆောက်ဖို့ BPLA ကတော်လှန်ရေးတိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ တော်လှန်ရေးအလွန်ကာလမှာထွက်ပေါ်လာမယ့် ဖက်ဒရယ်အစိုးရရဲ့အမိန့်အတိုင်းပဲ ကျနော်တို့တပ် က ဆောင်ရွက်မှာဖြစ်ပါတယ်“ဟု BPLA တာဝန်ခံ မောင်ဆောင်းခက သံလွင်ခက်ကိုပြော သည်။
လက်ရှိတွင် မဟာမိတ်တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ EROs များ၏ကူညီမှုဖြင့် ရဲဘော် များအတွက်အတိုင်းအတာတစ်ခုထိ လက်နက် တပ်ဆင်ထားပေးနိုင်ပြီဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားပြီး“ရှေ့တန်းစစ်မြေပြင်သွားရမယ့် ရဲဘော်တိုင်းအတွက် လက်နက်ရရှိပါတယ်” ဟု ၎င်းက ဆက်ပြောထားသည်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) သို့ ဝင်ရောက်လိုသူများသည် ကျန်းမာရေးအထူးကောင်းမွန်ရန်။ပင်ပန်းဆင်းရဲမှုဒဏ် ခံနိုင်ရန်။ မိသားစု၊ ဆွေမျိုး၊ ချစ်ခင်ရသူများနှင့် အဆက်အသွယ်ဖြတ်နိုင်ရန်။ အသက် (၁၈)နှစ်မှ (၃၅)နှစ်အတွင်း ဖြစ်ရန်နှင့် အာဏာ ရှင်ပြုတ် ကျသည်အထိ စစ်မှုထမ်းနိုင်ရန် စသည့်အချက် များနှင့်ပြည့်စုံရမည် ဖြစ်သည်။
“ဒီတပ်က စနစ်တကျရှိတယ်။ နိုင်ငံရေးရည်မှန်းချက်အရ တိကျပြတ်သားမှုရှိတယ်။ အများကြီးစဉ်းစားပြီးမှကိုယ်နှစ်သက်လို့ ယုံကြည်လို့ ဝင်ရောက်လာတယ်။ ဝင်လာပြီးတဲ့နောက် ကျွန်တော်ဂုဏ်ယူမိရတဲ့အချက်တွေအများကြီးရှိတယ်။ အထူးသဖြင့် ကျွန်တော်တို့တပ်ကို မဟာမိတ်ခေါင်းဆောင်တွေ၊ ပညာရှင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကလည်း ယုံကြည်ကြတယ်။ တပ်ရဲ့ဦးဆောင်သူတွေကလည်း ပြောထားတဲ့ကိစ္စကို မဖြစ်ဖြစ်အောင်လုပ်တယ်“ဟု ရဲဘော် အောင်ပိုင်က ပြောသည်။
၎င်းမှာ BPLA တပ်တော်သို့ ၂၀၂၁ ခုနစ် ၉ လပိုင်းကရောက်ရှိလာကာ စစ်သင်တန်းဆင်းပြီး ရှေ့တန်းစစ်မြေပြင်သို့လိုက်ပါခဲ့သည်။ ထို့နောက် မကြာမှီအချိန်၌ မိုင်းထိမှန်၍ ခြေတစ်ဖက် ဆုံးရှုံးခဲ့ရသူဖြစ်သည်။ သို့သော် BPLA တပ်တော်၏ သတင်းနှင့်ပြန်ကြားရေးဌာန၌ ဆက် လက်တာဝန်ထမ်းဆောင်ကာ တော်လှန်ဝန်ကို ထမ်းရွက်နေဆဲဖြစ်သည်။
“တော်လှန်ရေးဆိုတာ တော်လှန်ရေးပါပဲ။ ကိုယ်ကြားဖူးတာထက် အဆပေါင်း ၁၀၀ လောက် ကို ပိုတွေးပြီးတော့စဉ်းစားစေချင်တယ်။ဒါမှသာတော်လှန်ရေးမှာ ကိုယ်ကြုံရမှာနဲ့ယှဉ်ရင် ကွက်တိလောက်ဖြစ်မှာ။ ကိုယ့်ရဲ့ခက်ခဲပင်ပန်းမှုတွေက ဒီတော်လှန်ရေးက သေကြေပျက်စီးမှုတွေနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူး။ ကျွန်တော့အတွက်လည်းဒီလိုပဲယူဆတယ်“ဟု ရဲဘော် အောင်ပိုင်က ဆိုသည်။
လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖိုးဝသိမ်နှင့် ညောင်ထောက်ရွာကြား စစ်ကောင်စီတပ်နှင့် KNU လက်အောက်ခံ KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ကြားဖြစ်ပွားသည့်ပစ်ခတ်မှုအတွင်းBPLA တပ်တော်လည်းပါဝင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံး၍ ၂ ဦးဒဏ်ရာရကာ KNLAပူးပေါင်း တပ်ဖွဲ့ဘက်မှ ၂ ဦး ကျဆုံးခဲ့သည်။