စစ်ကောင်စီကို တစ်ဧက တစ်သိန်းပေးပြီး စပါးရိတ်နေရ
***********
နန်းအိဖြူ
ဒီဇင်ဘာ ၂၀၊ ၂၀၂၂။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာတွင် စပါးရိတ်သိမ်းမည်ဆိုလျင် တစ်ဧကကို တစ်သိန်း ပေးမှ ရိတ်သိမ်းခွင့် ပြုသည်ဟု တောင်သူများက ပြောသည်။
မိမိတို့ စိုက်ပျိုးထားသည့် စပါးစိုက်ခင်းများကို စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ပျူစောထီးခေါင်ဆောင်တို့ကို ပေးဆောင်ပြီး ရိတ်သိမ်းနေရခြင်းဖြစ်သည်ဟု တောင်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များက စပါးရိတ်သိမ်းရာတွင် လုံခြုံရေးယူပေးမည်ဟုဆိုကာ ပိုက်ဆံများ ကောက်ခံနေခြင်း ဖြစ်သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ ဘ၀က ဒါလေးနဲ့ဘဲ ရပ်တည်နေရတာ။ ကိုယ်စပါးကိုယ်ရိတ်သိမ်းတာတောင် သူတို့ကိုပေးပြီးမှ ရိတ်ရတယ်။ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးပြီးမှ စောင့်ရှောက်ပေးမယ်ဆိုတဲ့အပေါ်လည်း မယုံကြည်ဘူး။ လုံခြုံတယ်လို့လဲ မခံစားရဘူး ” ဟုပြောသည်။
မြင်းစီးကျေးရွာက ပျူစောထီးခေါင်းဆောင်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပူးပေါင်းပြီး တစ်ဧကလျင် ကျပ်ငွေ တစ်သိန်း တောင်းခံနေခြင်းဖြစ်သည်ဟု ရွှေဘိုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ တစ်ဧက တစ်သိန်းနှုန်း တောင်းပါတယ်။ တောင်သူတွေမပေးရင် ပျူစောထီးခေါင်းဆောင်က ရိတ်စက်တွေနဲ့လာရိတ်သိမ်းယူမယ်လို့ပြောတယ် ” ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ပင် ရွှေဘိုမြို့နယ် နှမစားရစ် ကျေးရွာက ဒေသခံ တောင်သူများလည်း တစ်ဧကကို တစ်သိန်းပေး၍ ရိတ်သိမ်းနေရသည်။
ယခုနှစ် ဒီဇင်ဘာလတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် မြင်းစီးကျေးရွာက ဒေသခံတောင်သူတစ်ဦး စပါးရိတ်သိမ်းစဉ် ဦးခေါင်ထိမှန် သေဆုံးခဲ့ဖူးသည်။
ပုံစာ – စပါးရိတ်သိမ်းနေသည့် ဒေသခံတောင်သူများ။
Photo – SBPDFF