ဒေါင်းစစ်သည် ရဲဘော်တစ်ဦးကို စစ်ကောင်စီတပ် မီးရှို့ အလောင်းဖျောက်ဖျက်
*******************************
ဒီဇင်ဘာ ၂၀၊ ၂၀၂၂။
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် ဆယ်ရွာကျေးရွာကို ယနေ့နံနက် ၅ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ပစ်သတ်ခဲ့သည်ဟု ဒေသခံများထံမှ
သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုရဲဘော်ကို ပစ်သတ်၍ ကျေးရွာဘုန်းကြီးကျောင်းတွင် မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ စကစတွေက ဘုန်းကြီးကျောင်းဝန်းထဲမှာပဲ အလောင်းကိုချက်ချင်း မီးရှို့သွားတာ အလောင်းဖျောက်တဲ့ပုံစံမျိုးပေါ့။ အခုကျွန်တော်တို့ မီးရှို့သွားတဲ့ အကြွင်းအကျန်လေးတွေကိုစုပြီး သင်္ဂြိုလ်ထားတာပါ ” ဟု ပြောသည်။
ထိုရဲဘော်သည် အင်အား ၅၀ ဦးခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ချိန်၌ ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးထံမှ သေနတ်လုယူထွက်ပြေးစဉ် ပစ်သတ်ခံရခြင်း ဖြစ်သည်ဟု ဆယ်ရွာကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ပစ်သတ်ခံရသည့်ရဲဘော်သည် ၂၅ အရွယ် မြတ်သူအောင်ဆိုသူဖြစ်ပြီး ဒေါင်းစစ်သည် မြောင်ပြောက်ကျားတပ်ဖွဲ့က ရဲဘော်တစ်ဦးဖြစ်သည်ဟု CDSOM တပ်ဖွဲ့၏ ကိုနွေဦးမြောင်ထံက သိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်ရစ်ကျေးရွာမှ ဆယ်ရွာကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ပြီး နံနက် ၁၀ နာရီခန့်တွင် ကျောက်ရစ်ကျေးရွာရှိ ၎င်းတို့တပ်စွဲထားရာနေရာသို့ ပြန်လည်ဝင်ရောက်သွားသည်ဟု သိရသည်။
ပုံစာ – မီးရှို့အလောင်းဖျောက်ခံရသည့် ရဲဘော်၏ ရုပ်အကြွင်းအကျန်အား ဆက်လက် မီးရှို့သင်္ဂြိုဟ်နေစဉ်။
ဓာတ်ပုံ – CDSOM ကိုနွေဦးမြောင် Facebook