သံလွင်ခက်။
နိုဝင်ဘာ ၂၄၊ ၂၀၂၄။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိအားပေးသည့်အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းဒေသရှိ နယ်စပ်ကုန်သွယ်မှုအားလုံးကို တရုတ်ဘက်က ဆက်လက်ပိတ်ပင်ထားဆဲဖြစ်သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက သံလွင်ခက်သတင်းဌာနကိုပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်မှစပြီး မြန်မာ-တရုတ် နယ်စပ်ဂိတ်များထဲမှ ၁၄ ခုထက်မနည်းကို တရုတ်အစိုးရက ကာလအကန့်အသတ်မရှိ ပိတ်ခဲ့ခြင်းဖြစ်သည်။
” တအာင်းဒေသမှာလက်ရှိ နယ်စပ်ကုန်သွယ်မှု အားလုံးကိုတော့ ပိတ်ပင်ထားဆဲအခြေအနေမျိုးဖြစ်ပါတယ်။ မြောက်ပိုင်းသုံးဖွဲ့ကတော့ ဖိအားကတော့ဆက်ရှိနေတာဖြစ်ပါတယ်။ ဖိအားပေးတဲ့ အနေနဲ့ ဆေးဝါးသယ်မှုတွေ ပြီးတော့ စားသုံးဆီတော့ တခြားသော ခရီးသွားလာမှုတွေပိတ်ပင်ထားဆဲအခြေအနေမျိုးဖြစ်ပါတယ်” ဟုဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်တွင် မူဆယ်မြို့နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားနယ်စပ်ဂိတ်များမှ တရုတ်နိုင်ငံထုတ် ဘက်ထရီ၊ ဆိုလာ၊ အင်ဂျင် ၊ မီးသီး၊ မီးအိမ်၊ အိမ်သုံးပစ္စည်း၊ စားသောက်ကုန်၊စောင်၊ ဘိလပ်မြေ အစရှိသည့် ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်ပို့ခွင့်ပိတ်ပင်မှုများလုပ်ဆောင်ခဲ့သည်။
ထို့သို့ ပိတ်ပင်လိုက်သည့်အတွက် ဒေသခံများအနေဖြင့် နယ်စပ်ဖြတ်သန်းသွားလာမှု၊ စားသောက်ရေးပိုင်းနှင့် စက်သုံးဆီဆိုင်ရာ အခက်အခဲများဖြစ်ပေါ်လျက်ရှိပြီး ထိုနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်နိုင်အောင်လည်း PSLF TNLA အနေဖြင့် ကြိုးပမ်းနေမှုများရှိသည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဆိုသည်။
သို့သော် တရုတ်အစိုးရကို မည်သို့ချဉ်းကပ်နေသည်ကို မသိရပေ။
တရုတ်-မြန်မာနယ်စပ်ရေးရာနှင့်ပတ်သက်၍ တရုတ်အစိုးရနှင့် စစ်ကောင်စီအကြား အပြန်အလှန် ပူးပေါင်းညှိနှိုင်းပြီးမှ လိုအပ်သလို ခွင့်ပြုဆောင်ရွက်မည်ဖြစ်ကြောင်းကို စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးမြင့်ကြိုင်နှင့် တရုတ်၊ ယူနန်ပြည်နယ် လူဝင်မှုစစ်ဆေးရေးဌာနမှူး၊ ရွှေလီလူဝင်မှုစစ်ဆေးရေးဌာနမှူးနှင့် ဒုညွှန်ကြားရေးမှူးချုပ်တို့က ပြောဆိုထားသည်။
ထို့သို့ နယ်စပ်ဂိတ် ပိတ်ထားမှုသည် ယာယီမဟုတ်ဘဲ အချိန်ကြန့်ကြာလျှင် မြန်မာနိုင်ငံအနေဖြင့်ပိုမို ထိခိုက်နိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာမျိုးနိုင်ကပြောသည်။
“စီးပွားရေးအရ ပြောမယ်ဆိုရင် အဓိက ထိခိုက်မှာ ပြည်သူတွေပါပဲ။ အရေးကြီးတဲ့ အချက်ကတော့ ဒီလို ဂိတ်တွေကို ပိတ်လိုက်တဲ့အခါမှာ ယာယီပိတ်တာဆိုကိစ္စမရှိဘဲနဲ့ နည်းနည်းကြာသွားရင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုက နှေးကွေးသွားပါလိမ့်မယ်။ နှစ်ဦးနှစ်ဖက် ထိခိုက်တာဖြစ်ပေမယ့် မြန်မာဘက်က တိုင်းရင်းသားတွေဘက်က ထိခိုက်မှုက ပိုပြီးကြီးမှာပါ “ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃၊ နိုဝင်ဘာလ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများကို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ မြန်မာအမျိုးသားမဟာမိတ်တပ်မတော် MNDAA ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် အာရက္ခတပ်တော် AA တို့က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ပုံစာ – မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် / ပုံအဟောင်း