စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် ညောင်လေးပင်ခရိုင်က အရပ်သားများ ထိခိုက်ဒဏ်ရာရ
********
သံလွင်ခက်
နိုဝင်ဘာ ၂၃၊ ၂၀၂၄။
စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ယနေ့နံနက် ၁၁ နာရီခန့်က ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ် နံဇအုပ်စု၊ ဖိုးတချောင်းကျေးရွာက ဒေသခံ အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက ပြောသည်။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ်၊ အနန်းပေါ်ကျေးရွာအုပ်စုရှိ ကွင်းချောင်းဝကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
လက်နက်ကြီး ထိမှန်ခဲ့သည့် ဒေသခံများမှာ အသက် ၁၀ နှစ်အရွယ် အမျိုးသားတစ်ဦးအပါအဝင် အသက် ၂၃ နှစ်အရွယ်နှင့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတို့ ဖြစ်သည်ဟု သိရသည်။
ထို့ပြင် ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့တွင် ရှိသည့် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခ.လ.ရ – ၂၆၄ တပ်သည် ဒေသခံပြည်သူများ ရှိရာ ကျေးရွာများသို့ လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။
နိုဝင်ဘာ ၂၁ ရက်တွင် အဆိုပါ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခ.လ.ရ – ၂၆၄ တပ် လက်နက်ကြီးပစ်ခတ်သဖြင့် ကျောက်တံခါးမြို့နယ် ကညင်ကျိုးကျေးရွာ၊ ချိန်းချောင်းရပ်ကွက်ရှိ နေအိမ်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၇၀ အရွယ်အမျိုးသားနှင့် ဒေသခံပြည်သူ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို့နောက် နိုဝင်ဘာ ၂၀ ရက်တွင်လည်း အရပ်သားပြည်သူများ နေထိုင်ရာ ကညင်ကျိုးကျေးရွာအုပ်စု၊ ချိန်ချောင်းကျေးရွာကို ဒရုန်းဖြင့် ပစ်ခတ်ခဲ့သဖြင့် အသက် ၅၇ နှစ် အရွယ် အမျိုးသမီးတစ်ဦး ဦးခေါင်းတွင် ဗုံးစထိမှန်ခဲ့သည်ဟု သိရသည်။