သံလွင်ခက်
နိုဝင်ဘာ ၂၅၊ ၂၀၂၄။
ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်တွင် မြန်မာအခြေစိုက် တရုတ်ရာဇဝတ်ဂိုဏ်းတစ်ခုမှ ထွက်ပြေးလွတ်မြောက်လာသည့် နိုင်ငံခြားသား ၃၉ ဦးကို ထိုင်းစစ်တပ်က ကယ်တင်နိုင်ခဲ့သည်ဟု ထိုင်းသတင်းဌာနများက ယနေ့တွင် ဖော်ပြထားသည်။
အဆိုပါ နိုင်ငံခြားသား ၃၉ ဦးတွင် သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊ နီပေါနိုင်ငံသား ၅ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦးနှင့် ရုရှားနိုင်ငံသား ၁ ဦးတို့ ပါဝင်ပြီး ၎င်းတို့ကို တရုတ်ရာဇဝတ်ဂိုဏ်းတစ်ခုမှ လူမှုကွန်ရက်မှတစ်ဆင့် လိမ်လည်ခေါ်ယူခဲ့ပြီး မြန်မာနိုင်ငံသို့ရောက်ရှိချိန်တွင် ကတိပြုထားသည့်အတိုင်း မဟုတ်ဘဲ အဓမ္မအလုပ်စေခိုင်းခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါ နိုင်ငံခြားသား ၃၉ ဦးကို ထိုင်းနိုင်ငံရှိ သီရိလင်္ကာသံရုံးနှင့် နယ်စပ်ဒေသ ထိုင်းအာဏာပိုင်များတို့မှ ပူးပေါင်း ကယ်တင်ခဲ့သည်ဟု ဆိုထားသည်။
အဆိုပါ တရုတ်ရာဇဝတ်ဂိုဏ်းသည် ကရင်ပြည်နယ်၊ ဒီမိုကရက်တစ်ကရင့်အကျိုးပြုတပ်မတော် (DKBA) ထိန်းချုပ်နယ်မြေအတွင်း လှုပ်ရှားလျက်ရှိသည်ဟုဖော်ပြထားသည်။