တပ်ဖွဲ့တွင်း၌ ဆေးဝါးလုံလောက်မှုမရှိသော ကြောင့် ထိခိုက်ဒဏ်ရာရရဲဘော်များနှင့် ကျန်းမာရေးမကောင်းသည့်ရဲဘော်များကို ပြင်ပဆေးရုံ၊ ဆေးခန်းများပို့ဆောင်ရာတွင် လုံခြုံရေးပြဿနာနှင့် အချိန်ကြန့်ကြာမှုပြဿနာ များနှင့်ကြုံနေရသည်။
” အရေးပေါ် အခြေနေခွဲစိတ်ဖို့ဆိုရင် လမ်းခရီးက ၂ ရက် နီးပါးသွားရတယ်။ တခါတလေ လမ်းလည်းကြမ်းသေးတော့ ထမ်းစင်နဲ့ထမ်းပြီး လမ်းကောင်းရောက်တဲ့အခါမှပဲ ကားတွေငှားရတာပေါ့ ။လမ်းမှာလည်း တပ်စခန်းတွေရှိတဲ့နေရာ လည်းဖြတ်ရသေးတယ် “ဟု ထိခိုက်ဒဏ်ရာရရဲဘော်များအတွက် ဆေးကုသမှုပေးရာ၌ ကြုံတွေ့နေရသည့်အခက်အခဲကို ပလက်ဝ CDF တာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။
ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့–ပလက်ဝအနေဖြင့် တပ်ဖွဲ့အတွင်း၌ ထိခိုက်သူများနှင့်နေထိုင်မကောင်းသူများကို ကုသမှုပေးနိုင်ရန် ဆေး သင်တန်းကို သင်ကြားပေးခဲ့ရာ သင်တန်းအပတ်စဉ်(၂)ခုထိ ပြီးမြောက်ခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။
သို့သော်လည်း ဆေးဝါးမလုံလောက်မှုကြောင့်တပ်တွင်း ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝမပေးနိုင်၍ အခက်အခဲများ ကြုံတွေ့နေရဆဲဖြစ်သည်။
အရေးပေါ်ဆေးဝါးများအတွက် ဝယ်ယူရန်ငွေကြေးအခက်အခဲ အဓိကကြုံတွေ့နေရပြီး လမ်းကြောင်း ပြဿနာကလည်းရှိနေသည်ဟု ပလက်ဝ CDF တာဝန်ရှိသူက ပြောသည်။
” ထောက်ပံ့တာတွေက အားနည်းလာတာကြောင့်လိုအပ်သလို မ၀ယ်နိုင်တာလည်းပါတယ်။ ပြီးတော့လမ်းပန်း ဆက်သွယ်ရေးပါ။ ရခိုင်ဘက်မှာ လမ်းကြောင်း ဖွင့်ထားပေမယ့် ဆေးဝါးတွေက သယ်ယူခွင့် မရှိဘူး။စကစ က တားမြစ်ထားတယ်။ ဂိတ်တွေမှာလည်း စစ်ဆေးတာပေါ့ “ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးမှုတင်းကြပ်နေသည့် အခြေအနေကြားမှ စိတ်ချရသည့် တချို့နီးစပ်ရာလမ်း ကြောင်းများဖြင့်ဆေးဝါးများကို ရံဖန်ရံခါဝယ်ယူ၊သ ယ်ယူ ၍ရနေသော် လည်း ငွေကြေးမပြည့်စုံ၍ လိုအပ်သည့်ဆေးဝါးများကို ဝယ်ယူစုဆောင်းထားနိုင်ခြင်းမရှိပေ။
ထို့ကြောင့် ဒဏ်ရာရရဲဘော်များအပြင် ဖျားနာချောင်းဆိုး ရောဂါများအတွက်ကိုပင် အပြင်ဆေးရုံ၊ ဆေးခန်းများ၌ သွားရောက်ပြသနေရသည်။
” အစာအိမ်ဖြစ်တာတွေ ချောင်းဆိုးပြီးဖျားတာတွေ၊ သူတို့မိုင်းထိပြီး ပွန်းပဲ့တာတွေ ၊ ကျည်ထိပြီး ခွဲစိတ်ရတာလည်းရှိတယ် “ဟုပလက်ဝCDFတာဝန်ရှိသူကပြော သည်။
တပ်ဖွဲ့တွင်းမှ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေသူများအတွက် ဆေးဝါများရှိလျှင် ဆေးသင်တန်းတက်ရောက်ထားသည့် ရဲဘော်များကကုသမှုများပေးနိုင်သည်ဟု ဆိုသည်။
” ဆေးဝါးလုံလောက်မှုရှိရင် အများကြီးလုပ်နိုင်တယ်။ ပြည်သူ့၀န်ဆောင်မှုလည်းအများကြီးပေးနိုင်မယ်။ထိန်း ချုပ်နယ်မြေမှာပေါ့။ ပြီးတော့ စစ်ဖြစ်ရင်တော့ အရေးပေါ်အခြေနေမှာလည်း လျှင်မြန်စွာကုသလုပ်ဆောင်နိုင်မယ် “ဟု၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများ မကြာ ခဏဖြစ်ပွားနေသည့် ပလက်ဝ CDF တပ်ဖွဲ့တွင်း၌ ရဲ ဘော်များထိခိုက်ဒဏ်ရာရရှိမှုများနှင့်ကြုံနေရပြီးဆေး ဝါး မလုံလောက်၍ အပြင်၌ ဆေးဝါးကုသမှုပေးနေရသည့်ရဲဘော် ၁၀ဦးကျော်ရှိနေသည်။
” အချိန်မှီ ကုသခွင့်မရမှုကြောင့်နှင့် ဆေးဝါးမလုံလောက်မှုကြောင့် ဒဏ်ရာမှာပိုး၀င်လို့အချိန်အကြာကြီးကုခဲ့ရတယ်။ ကိုယ်လက်အင်္ဂါလည်း ဆုံးရှံးခဲ့တာရှိခဲ့တယ် “ဟု ဆေးဝါးအခက်အခဲကြောင့်ရဲဘော်များမဆုံးရှုံးသင့်ဘဲဆုံးရှုံးနေရသည့် အခြေအနေကို ပလက်ဝ CDF တာဝန်ရှိသူက ပြောသည်။
ထို့ကြောင့် ပလက်ဝ CDF တပ်ဖွဲ့၏ငွေကြေးမပြည့်စုံမှုနှင့် ဆေးဝါးမလုံလောက်မှုအခက်အခဲများအတွက်ပြည်တွင်း ပြည်ပညီအစ်ကို မောင်နှမများအနေဖြင့် ဆေးဝါးကုသစရိတ်ကူညီပံ့ပိုးပေးကြရန် ကုသမှုခံယူနေကြသည့်ရဲဘော်များကိုယ်စား ပလက်ဝ CDF က ယမ န်နေ့ ဒီဇင်ဘာ ၁၉ရက်၌အကူအညီတောင်းခံထားသည်။
ပုံစာ–ဆေးသင်တန်းတက်ရောက်ထားသည့်
ပလက်ဝCDF တပ်ဖွဲ့ဝင်များ
ဓာတ်ပုံ-ChinlandDefense Force Paletwa