စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်အတွင်း စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ၏ပစ်ခတ်၊ဖမ်းဆီး၊သတ်ဖြတ်မှုများကြောင့် ကလေးငယ်သုံးဦးအပါအဝင် ပြည်သူ၈၁ ဦးအသက်ဆုံးရှုံးခဲ့ရသည်ဟုသိရသည်။
အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက် မှစ၍ ၂၀၂၂ နိုဝင်ဘာလ အထိ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က လက်လှမ်းမီသမျှ စုဆောင်းထားရှိသော စာရင်းများအရ အရပ်သားပြည်သူများသေဆုံးမှုစာရင်းများကို အဆိုပါအဖွဲ့က ယမန်နေ့တွင်ထုတ်ပြန်ဖော်ပြခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် ကန့်ဘလူခရိုင်အတွင်းရှိ ကျွန်းလှမြို့နယ်မှ ပြည်သူ ၁၉ ဦးနှင့် ကန့်ဘလူမြို့နယ်မှ ၆၂ ဦးသေဆုံးခဲ့ကာ သေဆုံးမှုများတွင် လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံရခြင်းများ ပါဝင်သည်။
သေဆုံးခဲ့သူများအနက် အသက်မပြည့်သေးသည့် ကလေးငယ်သုံးဦးပါဝင်ပြီး မောင်အောင်မြင့်မြတ် ( ၅ နှစ်၊မိဿလင်ကုန်းရွာ)၊ မောင်ပိုင်ဆက်ထူး (၁၃ နှစ်၊ ဇီးကနားရွာ) နှင့် မောင်ဝင်းဝင်းသူ (၁၇ နှစ်၊ လျှော်ဖြူကုန်းရွာ) တို့ဖြစ်သည်။
မောင်အောင်မြင့်မြတ်သည် ကန့်ဘလူမြို့နယ်၊ ချပ်ကုန်းကျေးရွာ၌ နေရာယူထားသည့် စစ်ကောင်စီတပ်များက၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၉ ရက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရင်ဘက်၌ ဗုံးဆန်ထိမှန်ကာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။
မောင်ပိုင်ဆက်ထူးသည် နိုဝင်ဘာ ၃ ရက်တွင် ကိုးတောင်ဘို့အထိုင် ခြေမြန်တပ်ရင်း – ၃၆၃ က ပစ်ခတ်သည့်လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ခြင်း ဖြစ်သည်။
အဋ္ဌမတန်းကျောင်းသားဖြစ်သူ မောင်ဝင်းဝင်းသူသည် နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်းတွင် ကန့်ဘလူမြို့နယ် စစ်ဘေးရှောင်တောတိုက်များအတွင်း စစ်ရှောင်နေစဉ် အခြားစစ်ရှောင် ၁၃ ဦးနှင့်အတူ ခြေမြန်တပ်ရင်း – ၃၆၃ ၏ ဖမ်းဆီးခြင်းခံရပြီးနောက် နိုဝင်ဘာ ၅ ရက်တွင် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။
ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူများ၏နေအိမ်များအား ပစ်ခတ်
ဝင်ရောက် စီးနင်း မီးရှို့ခြင်း၊ ပြည်သူပိုင် တန်ဖိုးရှိ ပစ္စည်းများအား လုယက်ခြင်းများကို ဆက် တိုက်လုပ်ဆောင်သည့်အပြင် ပြည်သူများအား ဖမ်းဆီး သတ်ဖြတ်ခြင်းများကိုလည်း ပြုလုပ်နေခြင်း ဖြစ်သည်။
ထို့ကြောင့် ကန့်ဘလူခရိုင်အတွင်းရှိ သောင်းနှင့်ချီသောဒေသခံ ပြည်သူများသည် စစ်ကြောင်းထိုးလာချိန်များ၌နေရပ်စွန့်ခွာ၍ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
ပုံစာ– လက်နက်ကြီးထိမှန်သေဆုံးခဲ့သည့်
မောင်အောင်မြင့်မြတ် (၅ နှစ်) ။
ဓာတ်ပုံ – ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ –ကန့်ဘလူခရိုင်