ရဲသူ
နိုဝင်ဘာ ၉၊ ၂၀၂၄။
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေထဲက တောတွင်းတစ်နေရာမှာ အိန္ဒိယသီချင်းတစ်ပုဒ်ကို အသံမပီမသနဲ့ နောက်ကလိုက်ဆိုရင်း ကွန်ပြူတာစခရင်ကိုကြည့်ရင်း ဒရုန်းအမောင်းသင် လေ့ကျင့်ခန်းဆင်းနေသူကတော့ ရဲဘော် နီနီ ဖြစ်ပါတယ်။
သူမဟာ ငယ်စဥ်ကတည်းက အဆိုနဲ့အကကို ဝါသနာထုံခဲ့သူဖြစ်ခဲ့ပေမယ့် အခုမှာတော့ ဂဠုန်စစ်ကြောင်းက Spring UAV Force (G-3) မှာ ဒရုန်းတပ်သားအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
စစ်အာဏာမသိမ်းခင်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး တက္ကသိုလ်ဆက်တက်ဖို့စောင့်ဆိုင်းနေခဲ့တာပါ။ သူဖြစ် ချင်တဲ့ ဆန္ဒတစ်ခုက ကိုရီးယားဘာသာစကားသင်ကြားပြီး ကိုးရီးယားနိုင်ငံမှာအလုပ်လုပ်ပြီး အခြေချင်ခဲ့တာပါ။
“တောထဲကို မရောက်ခင်တုန်းက ညီမ စဥ်းစားတယ်။ ငါဟိုမှာနေနိုင်ပါ့မလား အဆင်ပြေပါ့မလားပေါ့” လို့ အသက် ၂၀ အရွယ် ရဲဘော်နီနီက သူရဲ့အတွေးတစ်ချို့ကိုပြောပါတယ်။
ဒါပေမယ့်လည်း သူတစ်ယောက် ပါဝင်တဲ့အားက စစ်ကောင်စီပြုတ်ကျရေး တော်လှန်ရေးခရီးမှာ တစ်ထောင့်တစ်နေရာက အသုံးဝင်ခဲ့ရင်ကျေနပ်တယ်ဆိုတဲ့ စိတ်နဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းကို ရွေးချယ်ဖြစ်ခဲ့ပါတော့တယ်။
မြန်မာနိုင်ငံလူဦးရေစုစုပေါင်းရဲ့ ၃၄ ရာခိုင်နှုန်းဟာ ရဲဘော်နီနီတို့လို အသက် ၁၅ နှစ် ကနေ ၃၅ နှစ်ကြား လူငယ်တွေရဲ့ အရေအတွက်ဖြစ်ပါတယ်။ နိုင်ငံရဲ့ ၃ ပုံ ၁ ပုံဟာ လူငယ်တွေဖြစ်တယ်လို့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်ရဲ့ တကျော့ပြန် အာဏာသိမ်းမှုဟာ နိုင်ငံကို ခေတ်နောက်ပြန်ဆွဲတဲ့အနေအထားဖြစ်သွားကြောင့် လူငယ်တွေရဲ့ အနာဂတ်၊ အိမ်မက်တွေ ကမောက်ကမဖြစ်ကုန်ပြီး ပျောက်ဆုံးခဲ့ရပါတယ်။
စစ်ကောင်စီဟာ လူငယ်တွေကို အဓမ္မစစ်မှုထမ်းခိုင်းတာအပြင် နိုင်ငံကူးလက်မှတ်ပြုလုပ်တဲ့နေရာမှာ တင်းတင်းကျပ် ကျပ်နဲ့ စိစစ်မှုတွေ ကိုပြုလုပ်နေသလို၊ လူငယ်တွေရဲ့ပြည်ပထွက်ခွာခွင့်ကို ထိန်းချုပ်ထားပါတယ်။ ဒီအခြေအနေကြောင့် လူငယ်တွေဟာ ဘဝတိုးတက်ရေးအတွက် နိုင်ငံရပ်ခြားမှာ ပညာသင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်တွေဟာ မလွယ် ကူတော့တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာပါ။
မြန်မာနိုင်ငံရဲ့လူငယ်တွေဟာ လက်ရှိအခြေအနေမှာ မလုံခြုံမှုတွေကို ခံစားနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဒုဝန်ကြီးဒေါ်အိသင်ဇာမောင်က ပြောပါတယ်။
“အာဏာသိမ်းပြီး မကြာခင်မှာ တိုင်းပြည်ရဲ့ စီးပွားရေးဟာ အနိမ့်ဆုံးအခြေအနေကို ပြန်ရောက်သွားတယ်။ လူငယ်တွေကတွက် အလုပ်အကိုင် အခွင့်အလမ်းဆုံးရှုံးမှုတွေ၊ ပညာသင်ကြားခွင့်ဆုံးရှုံးးမှုတွေ တိုးလာတဲ့အပြင် လုံခြုံမှုမရှိတဲ့ ပတ်ဝန်းကျင်အဖြစ်ပါ ပြောင်းလဲလာပါတယ်။ အကြမ်းဖက်မှုတွေ၊ ဆူပူရမ်းကားမှုတွေ၊ အမျိုးသမီးတွေအတွက် လုံခြုံ ရတဲ့ ပတ်ဝန်းကျင်မဖြစ်မှုတွေဟာ ရန်ကုန်မြို့လို နေရာမျိုးတွေမှာတောင် အဖြစ်များနေပါတယ်” လို့ ဒုဝန်ကြီးကပြောပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးက လူငယ်တွေဟာ ခေတ်နဲ့အညီ ပညာရပ်ပေါင်းစုံကို လေ့လာသင်ယူခွင့်ရနေကြပေမယ့် မြန်မာနိုင်ငံက လူငယ်တွေကတော့ စစ်အာဏာရှင်ကို တွန်းလှန်ဖို့အတွက် တောထဲတောင်ထဲမှာ အခက်အခဲကိုယ်စီနဲ့ စစ်ပညာကို သင်ကြားရင်း တိုက်ပွဲဝင်နေကြရတာပါ။
“အာဏာသိမ်းလိုက်တဲ့အတွက် ညီမတို့လူငယ်တွေရဲ့ ပညာရေး ၊ စီပွားရေး လူမှုရေးတိုးလို့ မပေါက်အောင် ပိတ်ဆို့မှုတွေ ဖြစ်ကုန်တယ်”လို့ ရဲဘော် နီနီက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် လူငယ်တွေအပေါ် ထပ်မံတင်းကြပ်လိုက်တဲ့ စစ်မှုမထမ်းမနေရဥပဒေကြောင့် မြန်မာနိုင်ငံကို စွန့်ခွာခဲ့သူထဲမှာ အသက် ၂၀ အရွယ် ကိုထက်ဝေလည်း တစ်ဦးအပါအဝင်ပါ။
သူက ကွန်ပျူတာနက်ဝက်အင်ဂျင်နီယာတစ်ဖြစ်ချင်ခဲ့သလို အဲဒီပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုမယ်လို့ ရည်ရွယ်ထားသူတစ်ဦးဖြစ်ပါတယ်။
ဒါပေမယ့် အခုမှာတော့ ထိုင်း-မြန်မာနယ်စပ်က တစ်နေရာမှာ စိုက်ပျိုးရေးလုပ်သားအဖြစ် လုပ်ကိုင်နေပါတယ်။
“ကျွန်တော်တို့ ဆက်သွားမယ့် ပညာရေးကိစ္စတွေ၊ အခွင့်အလမ်းတွေက ဆုံးရှုံးသွားတယ်။ ကိုယ့်အရွယ်နဲ့ လုပ်ရမယ့် အရာတွေက အခုအချိန်ထိဆို ဘာမှလုပ်မရဘူး။ အခွင့်အလမ်းလည်း မရှိ၊ ဘာမှလဲ မရှိဆိုတော့ စိတ်ဓါတ်ကျတာမျိုး တွေ ဘာလုပ်လို့လုပ်ရမှန်းမသိတာတွေ လမ်းပျောက်သွားတာပေါ့” လို့ ကိုထက်ဝေက ပြောပြပါတယ်။
အခုနှစ်ဧပြီလထဲက စစ်ကောင်စီစတင်ခဲ့တဲ့ စစ်မှုထမ်းဥပေဒဟာ အခုဆိုရင် အပတ်စဉ် ၇ အထိရှိလာပါပြီ။ စစ်ကောင်စီဟာ သူတို့ရှုံးနိမ့်မှုတွေကို ကုစားဖို့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိတဲ့ လူငယ်တွေကို စစ်သင်တန်းပေးပြီး တပ်သားသစ်အဖြစ် ပြုလုပ်စေတာပါ။
အပတ်စဥ်တစ်ခုကို လူ ၅,၀၀၀ စုဆောင်းမယ်လို စစ်မှုထမ်းဥပဒေမှာပြဌာန်းထားတာကြောင့် အခုဆိုရင် လူငယ် ၃၅,၀၀၀ လောက်ဟာ စစ်ကောင်စီရဲ့ မတရား လူသစ်စုဆောင်းခြင်းကိုခံထားရတာပါ။
ဒါ့အပြင် စစ်အာဏာသိမ်းမှု သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီရဲ့လက်ချက်ကြောင့် အသက် ၁၅ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ် ၂,၁၀၀ ကျော်သေဆုံးခဲ့ရပါတယ်။ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ် ၇,၇၀၀ ကျော်ကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေနဲ့ အကျဥ်းကျထားခံရတယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေး အသင်း (AAPP) က အခုလထဲမှာ ထုတ်ပြန်ထားတဲ့စာရင်းတွေ အရသိရပါတယ်။
ထောင်ကလွတ်လာတဲ့ လူငယ်တွေဟာလည်း အရင်တုန်းက လုပ်ခဲ့တဲ့ သူတို့အလုပ်အကိုင်၊ ပညာရေးနဲ့ စီးပွားရေး လုပ်ငန်းတွေကို ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အစကနေပြန်စဖို့အတွက် ဘဝရပ်တည်ရေးလမ်းကြောင်း အသစ်တစ်ခု ကို ထပ်ပြီးရှာဖွေဖို့အတွက် ကြိုးစားရုန်းကန်ရပါတယ်။
အဲဒီလို လူငယ်တွေထဲမှာ အသက်သုံးဆယ်ကျော်အရွယ် မဆုမြတ်ကလည်း တစ်ဦးအပါအဝင်ပါ။ သူက အာဏာမ သိမ်းခင်တုန်းက NGO အဖွဲ့အစည်းတစ်ခုမှာ ပညာရေးနဲ့ ပတ်သက်တဲ့သုတေသနလုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့သူတစ် ဦးဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန္ဒပြတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးကာ ထောင်သုံး နှစ်ချခံခဲ့ရတာပါ။ ထောင်က ပြန်လွတ်လာချိန်မှာတော့ မဆုမြတ်ဟာ သူ့ရဲ့ အလုပ်အကိုင်နဲ့ ပညာသင်ကြားနေတာတွေ ကို အကုန်လုံးဆုံးရှုံးလိုက်ရပါတယ်။
“လူက တော်တော်လေးကို ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်။ စိတ်ပိုင်းဆိုင်ရာမှာရော ရုပ်ပိုင်းဆိုင်ရာမှရော တော်တော်လေးကို ကိုင်တွယ်ဖို့ကို တော်တော်လေးခက်တယ်။ အဲဒီတော့ ဘယ်လိုမျိုးရှင်သန်နေရလဲဆိုတော့ ဘာမှအလုပ်မဖြစ် တဲ့ အလုပ်တွေ ဝင်ငွေရဖို့အတွက် အသက်ရှင်ဖို့အတွက်ပဲ အလုပ်လုပ်နေရတာ” လို့ မဆုမြတ်က ဆိုပါတယ်။
စစ်အာဏာရှင်စနစ်ဟာ လူငယ်တွေအတွက် လွတ်လပ်ခွင့်တွေကိုပိတ်ပင်တာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဟန့်တားတဲ့ ဒဏ်တွေကို ခံစားလာရတယ်လို့ လူငယ်အရေးလုပ်ဆောင်သူတွေ ဆိုပါတယ်။
ဒီမိုကရေစီအရေးမှာ ပုံစံအမျိုးမျိုးနဲ့ပါဝင်သူတွေကို အကြမ်းဖက်ခဲ့သလို တခြားနယ်ပယ်အသီးသီးက လူငယ်တွေကိုပါ ဖိနှိပ်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ ထည့်သွင်းပြောဆိုကြပါတယ်။
လူငယ်တွေဟာ သူတို့ရဲ့ အိမ်မက်တွေ၊ ရည်မှန်းချက်တွေကို စွန့်လွတ်လိုက်ရတာဟာ တိုင်းပြည်အတွက် နစ်နာမှုတွေဖြစ်စေတယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုမင်းသွေးသစ်ကဆိုပါတယ်။
“ဒီလူငယ်တွေ တိုင်းပြည်ကို စွန့်ခွာနေတာ စစ်မှုထမ်းနေရတာ၊ တောထဲမှာနေပြီး စစ်တပ်ကို လက်နက်ကိုင် တိုက်ခိုက်နေတာ နိုင်ငံခြားကို ထွက်ပြီးတိမ်းရှောင်နေရတာတွေဟာ တိုင်းပြည်ရဲ့အနာဂါတ်ကို ပျောက်ဆုံးစေပြီး ကျဆုံးနိုင်ငံဖြစ် သွားနိုင်တယ်” လို့ သူက ထောက်ပြထားပါတယ်။
နိုင်ငံရဲ့အနာဂါတ်လို့ တင်စားလို့ရတဲ့ လူငယ်တွေက စစ်အာဏာသိမ်းမှုအခြေအနေတွေကြားမှာ ပဋိပက္ခဖြစ်စဉ်တွေနဲ့ အတူ ဖြတ်သန်းနေရတာပါ။ လက်ရှိမှာ လူငယ့်အရေး ၊ လူငယ့်အနာဂါတ်နဲ့ ပတ်သတ်ပြီး အဖွဲ့အစည်းတစ်ချို့က ကူညီထောက်ပံမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း မြန်မာ့နိုင်ငံရေးအခြေအနေတွေကြားမှ ထင်သလောက် ခရီးမပေါက်နိုင်ဘဲ လူငယ်တွေရဲ့အနာဂါတ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးခံနေရတယ်လို့ CDM စိတ်ပညာ ပါမောက္ခဒေါက်တာ ဒေါ်ယုယုထွေးက ဆိုပါတယ်။
“အဓိကကတော့ အုပ်ချုပ်သူမင်းတွေပဲပေါ့။ သူတို့တွေက စနစ်တကျ မှန်မှန်ကန်ကန်နဲ့ လူငယ်တွေအတွက် ဘာလုပ်ပေးတယ်ဆိုတာမျိုး အစီအမံ၊ ရည်မှန်းချက်၊ ပန်းတိုင်တွေချပြီးတော့မှ သေသေချာချာ လုပ်ပေးမယ်ဆိုရင် ကျွန်မတို့ လူငယ်အစွမ်းမသေးပါဘူး အစွမ်းထက်ကျပါတယ်။ လက်ရှိ အခြေအနေမှာ လူငယ်တွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးခြင်းခံနေရတယ်လို့ ကျွန်မမြင်တယ်” လို့ သူက ဆိုပါတယ်။
စစ်အာဏာရှင်အဆက်ဆက်ဟာ သူတို့ကိုတော်လှန်မယ်လို့ ယူဆတဲ့လူငယ်မျိုးဆက်တွေကို နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်ခဲ့တာကြောင့် မြန်မာ့လူငယ်တွေဟာ ဒေသတွင်း အိမ်နီးချင်းနိုင်ငံက လူငယ်တွေထက် ကဏ္ဍပေါင်းစုံမှာ နောက် ကောက်ကျန်နေခဲ့ရတာပါ။
“တစ်တိုင်းပြည်လုံးရဲ့ ပြဿနာလဲ ဖြစ်တဲ့အခါကြတော့ လူငယ်တွေကိုလည်း အများကြီး ရိုက်ခတ်မှုရှိတယ်။ (နိုင်ငံအ ရေး) တစ်စုံလုံး ချီပြီး ပြောင်းလဲမှုဖြစ်မှပဲ လူဦးရေအရ များပြားတဲ့လူငယ်တွေရဲ့ အခန်းဏ္ဍ၊ လုပ်ပိုင်ခွင့်၊ အနာဂါတ်မျှော် လင့်ချက်တွေက အပြောင်းအလဲ ဖြစ်မယ်ထင်တယ်” ISP မြန်မာရဲ့အကြီးတန်းသုတေသီ ဦးကျော်ထက်အောင်က ပြောပါတယ်။
ဒါပေမယ့် ရေရှည်မှာတော့ နိုင်ငံရဲ့ပြဿနာကို မဖြေရှင်းနိုင်တဲ့အခြေအနေမှာ လူငယ်တွေ အနာဂတ်ပျောက်ဆုံးနေတာကိုလည်း ဖြေရှင်းဖို့ ခက်ခဲနိုင်ဦးမယ်လို့ သူက မှတ်ချက်ပေးပါတယ်။
ရဲဘော်နီနီကတော့ သူရဲ့ကိုးရီးယားသွားချင်တဲ့ စိတ်ကူးအိပ်မက်ကိုခဏမေ့ထားပြီး တော်လှန်ရေးပြီးနိုင်မဲ့ အရေးကိုပဲ မျှော်လင့်ထားပါတယ်။ တော်လှန်ရေးပြီးရင် မိသားစုနဲ့ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းမယ်လို့ဆိုရင်း သူရင်ထဲက စကားကို အခုလိုပဲ ဆိုလိုက်ပါတယ်။
“အမေနဲ့အဖေနဲ့ကို ထားခဲ့ရတဲ့ခံစားချက်က ဘာနဲ့မှ လဲလို့မရဘူး။ အော်.. ငါမသေမှ ပြန်တွေ့မယ်ဆိုတဲ့ ခံစားချက်ကြီးပေါ့။ ငါမသေရင်တော့ ငါ့အဖေနဲ့ အမေကို ပြန်တွေ့မှာပါပေါ့”