သံလွင်ခက်
နိုဝင်ဘာ ၉၊၂၀၂၄။
စစ်ကိုင်းတိုင်း ၊ ကန့်ကလူခရိုင် ၊ကျွန်းလှမြို့နယ် ၊ ဘအင်းသရက်တောရွာကို ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၁၂၀ ခန့်က နိုဝင်ဘာလ ၈ရက် တွင် နေအိမ်များကို မီးရှိုကာ ဒေသခံ ၂ ဦးကို သတ်ဖြတ်သွားသည်ဟု ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ကလူခရိုင်က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့ကတည်းက ကန့်ကလူ ၆၀၀၆ တင့်ကားတပ်ရင်းမှ ကျွန်းလှမြို့သို့ အင်အား ၇၀ ခန့်ဖြင့်ရောက်ရှိလာသော စစ်ကြောင်းဖြစ်သည်။
ထို့နောက် နိုဝင်ဘာလ ၈ ရက်တွင် ကျွန်းလှမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့များနှင့် ပူးပေါင်းကာ အင်အား ၁၂၀ခန့်ဖြင့် ပေကုန်းရွာမှထွက်ကာ ကံပေါက်တောကျောင်းမှတစ်ဆင့် ဘအင်းသရက်တောရွာသို့ ဝင်ရောက်လာခဲ့သည်။
အဆိုပါစစ်ကြောင်းသည် ပြည်သူပိုင်နေအိမ်များကို မီးရှို့ကာ ဒေသခံ နှစ်ဦးအားသတ်ဖြတ်ခဲ့ပြီး ၃ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
ထိုဖြစ်စဉ်အတွင်းပျက်စီးဆုံးရှုံးမှု နှင့် သေဆုံးသူများ၏ အချက်အလက်ကို သံလွင်ခက်က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ဘအင်းသရက်တောရွာအား မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကြောင်းသည် ဒေသခံသုံးဦးအားဖမ်းဆီးပြီးနောက် ညနေ ၅ နာရီခန့်တွင် ပေကုန်းရွာမှတစ်ဆင့် ကျွန်းလှမြို့သို့ ပြန်လည်ဝင်ရောက်သွားသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ယမန်နှစ်ကလည်း ဘအင်းသရက်တောရွာရှိ နေအိမ်ပေါင်း ၃၃ လုံး ဆုံးရှုံးထားသည်။
ပုံစာ- ယမန်နှစ် ဇန်နဝါရီ ၃၀တွင် ဘအင်းသရက်တောရွာပါဝင်သည့် ကျေးရွာအုပ်စုအတွင်း မီးရှို့ဖျက်ဆီးခံရသည့် မြင်ကွင်း။
ဓာတ်ပုံ-ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ကလူခရိုင်