• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ
  • နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို
  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်
  • ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်
  • အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်
  • မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်
  • အမျိုးသမီးအလုပ်သမားများ ဓမ္မတာလာစဉ် နားခွင့်ပေးရန် ဥပဒေ ထိုင်းတွင် အတည်ပြု
  • ကရင်နီရှိ စစ်ရှောင်စခန်းတစ်ခုတွင် တစ်လနီးပါး ဆန်ပြတ်လပ်နေ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»မှေးမှိန်နေဆဲ စစ်ရှောင်တို့ရဲ့ အိမ်ပြန်ချိန်
သတင်းဆောင်းပါး

မှေးမှိန်နေဆဲ စစ်ရှောင်တို့ရဲ့ အိမ်ပြန်ချိန်

thanlwinkhetBy thanlwinkhetDecember 18, 2022No Comments5 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

တစ်ကိုယ်စာအထုပ်အပိုးတွေကို သယ်ပိုးရင်း၊ အသက် ၇ နှစ်အရွယ် သမီးငယ်ကို လက်က ဆွဲရင်းနဲ့ လက်နက်ကြီးပစ်သံတွေကြားမှာ အားတင်းရုန်းကန်နေခဲ့သူက ကိုယ်ဝ န်ဆောင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ အဲဂနက်ပါ။

အသက် ၂၈ နှစ်အရွယ် အဲဂနက်ဟာ ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ် အစပ်မှာ ရှိတဲ့ ရွာလေးတစ်ရွာမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး မိရိုးဖလာ တောင်ယာအလုပ်နဲ့ အသက်မွေးခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် စစ်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ သူမတို့ ရွာကို စစ်ကောင်စီက စတင်တိုက်ခိုက်ချိန်မှာတော့ ယောင်္ကျားဖြစ်သူရယ်၊ သမီးငယ်ရယ်နဲ့ အိုးအိမ်စွန့် ထွက်ပြေးရပါတော့တယ်။

ရွာကို စွန့်ပြီး လွိုင်ကော်မြို့ဆီ ထွက်ပြေးပေမယ့် မြို့ပေါ်အထိ တိုက်ပွဲတွေ ရှိလာလို့ တခြားတစ်နေရာကို ပြေးရပြန်ပါတယ်။ စစ်ဘေးရှောင်ရတာ သူမအတွက် ပထမဆုံးအကြိမ် မဟုတ်တော့ပေမယ့် စိုးရိမ်ကြောက်လန့်မှုကတော့ ပုံမှန်အတိုင်းပဲလို့ ဆိုပါတယ်။

စစ်ရှောင်ရတဲ့အချိန်မှာ ကိုယ်ဝန် တစ်လရှိနေတဲ့ အဲဂနက်ဟာ ပြီးခဲ့တဲ့ စက်တာဘာလကုန်ပိုင်း စစ်ရှောင်နေစဉ်မှာပဲသားယောင်္ကျားလေး မွေးဖွားခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ ကရင်နီပြည်နယ်၊ လွိုင်ကော်အနီးအနားရွာတွေကနေ လွိုင်ကော်မြို့ပေါ်အထိအာဏာသိမ်းစစ်တပ်နဲ့ ကယားပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားလာတဲ့အချိန်ကစလို့ ကရင်နီအမျိုးသမီး အဲဂနက်ဟာ စစ်ရှောင်ဘ၀ကို စရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီအချိန်မတိုင်ခင် ၂၀၂၁ ခုနှစ်၊ မေလလောက်တည်းက ကရင်နီပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ခုခံစစ် ပြန်လည်တော်လှန်ရင်း စစ်ရှောင်တွေ များပြားလာခဲ့တာပါ။

“လက်နက်ကြီးသာ ကိုယ့်ပေါ် တည့်တည့်ကျပြီး တစ်ခါတည်း အသေခံလိုက်မယ်လို့ တွေးမိတယ်” လို့ အကြိမ်ကြိမ်စစ်ရှောင်နေရတဲ့ ဘ၀ကို ခါးသီးလာတဲ့ အဲဂနက်က ပြောပါတယ်။

ဒီလို ဆိုးရွားလွန်းတဲ့ ဘ၀မှာ ဘာမျှော်လင့်ချက်မှ မရှိဘဲ အမြဲပြေးလွှားနေရတာနဲ့ချည်း အသက်မရှင်ချင်တော့တာမျိုး အကြိမ်ကြိမ် ခံစားမိတယ်လို့ သူက ဆိုပါတယ်။

“ကျွန်မ လက်နက်ကြီး ထိပါစေ ဆုတောင်းပေမယ့် သမီးလေးနဲ့ ဗိုက်ထဲက ကလေးကို သနားလို့ အားတင်းပြေးခဲ့ရတာ” လို့ ငိုရင်း ပြောပါတယ်။

သူတို့က ရွာကနေ လွိုင်ကော်မြို့ပေါ်ရောက်ခဲ့ပေမယ့် မြို့ပေါ်မှာ တိုက်ပွဲတွေ ဖြစ်လာတဲ့အခါ အနောက်ကယန်းဒေသအထိ ပြေးကြရပါတော့တယ်။ ကုန်လွန်ခဲ့တဲ့နှစ် ဇန်နဝါရီရဲ့ အေးစက်မှုတွေဟာ သူတို့ မိသားစုရဲ့ အပူလှိုင်းတွေကို မငြှိမ်းသတ်နိုင်ဘဲ တိုးလို့ ပူလောင်စရာ ဖြစ်ရပါတယ်။ သမီးလေး ဘယ်လောက် အေးလိုက်မလဲ၊ ဗိုက်ထဲက ကလေး ဘယ်လိုများ ဖြစ်နေမလဲ တွေးတောပူပန်ရသလို သူမရဲ့ ဘေးက သက်ကြီးရွယ်အိုတွေကိုလည်း သနားမိတယ်လို့ အဲဂနက်က ရင်ဆိုင်ခဲ့ရပုံတွေကို ပြန်ပြောင်း ပြောပါတယ်။

စစ်ရှောင်တွေရဲ့ ဘ၀

********************

“လက်နက်ကြီး ကျလို့ ထိခိုက်ဒဏ်ရာရရင် ဘယ်သူ့ကို ဆက်သွယ်ရမှန်း မသိဘူး။ ပြေးလည်း မှောင်ကလည်းမှောင်နေတော့ ဘယ်ပြေးရမလဲ မသိဘူး။ လက်နက်ကြီးနဲ့ကလည်း ပစ်နေတော့ ကိုယ်တစ်ခုခု ဖြစ်ရင်လည်း ဘယ်သူမှ မသိလိုက်တဲ့ အခြေအနေဆိုတော့ တော်တော်ကို အဆင်မပြေဘူး” လို့ ကရင်နီကျေးရွာဘက်တွေမှာ စစ်ရှောင်ခဲ့ရတဲ့ အခြေအနေကို အဲဂနက်က ပြောပြပါတယ်။

အဲဂနက်လို ဘ၀တွေ ကရင်နီပြည်နယ်ထဲမှာ ဒုနဲ့ဒေးပါပဲ။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလကတည်းက ဒီးမော့ဆိုမြို့ပေါ်မှာ ခုခံတော်လှန်စစ်တွေ စတင်ခဲ့တဲ့ ကရင်နီပြည်မှာ အခုထိ တိုက်ပွဲတွေ တောက်လျှောက် ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တည်းက စတင်ခဲ့တဲ့ စစ်ကောင်စီတပ်တွေရဲ့ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုဟာ လက်ရှိအချိန်အထိ အားကောင်းနေတုန်းပါပဲ။

ကရင်နီအတိုင်ပင်ခံကောင်စီက ကောက်ယူထားတဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ နိုဝင်ဘာလတစ်လထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တွေအပါအဝင် ကရင်နီဒေသခံ ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၄ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးခဲ့ပါတယ်။

နိုဝင်ဘာ ၁၅ ရက်၊ ညနေ ၅ နာရီဝန်းကျင်လောက်က စစ်ရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီး ၁၀ ကြိမ်လောက် ဆက်တိုက်ပစ်ခတ်ခဲ့ပါတယ်။လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် မူကြိုကျောင်းထဲမှာ ခိုလှုံနေတဲ့ မိသားစု ကိုးဦး ထိခိုက်ခဲ့ပြီး ၄ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးခဲ့ကာ သက်ကြီးရွယ်အိုနဲ့ ကိုးလအရွယ် ကလေးငယ်အပါအဝင် ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်မှာ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းကို ပွေ့ချီထားရင်း မိဘတွေ ယူကြုံးမရ ငိုကြွေးကြတဲ့ ဗီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ ပြန့်သွားခဲ့ပါသေးတယ်။

မီးဖွားပြီး သွေးနုသားနု ဖြစ်နေတဲ့ အဲဂနက်ကတော့ အဲဒီမိဘတွေ နေရာမှာ သူဆိုရင် ခံစားရမှာကို အခုလို ဆိုပါတယ်။

“ကိုယ့်ရင်သွေး ဒီလို သေရတာကို ဘယ်လို ကြည့်နိုင်မှာလဲ။ ကိုယ်သာ သူတို့ နေရာမှာဆို ရူးပြီး သေသွားလောက်တယ်”

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်မှာ ရှိတဲ့ လူငယ်လူရွယ်တွေဟာ စစ်ကောင်စီကို တော်လှန်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေအဖြစ် ဘ၀တွေ ပေးဆပ်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြားမှာ လူဦးရေ သုံးသိန်းကျော်သာ ရှိတဲ့ ကယားပြည်နယ်က ပြည်သူ တစ်သိန်းရှစ်သောင်းကျော်အထိ စစ်ရှောင်နေရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ပြန်ချက်အရ သိရပါတယ်။ (UNHCRရဲ့ နောက်ဆုံးဖော်ပြထားတဲ့ စာရင်းတွေအရ ကယားပြည်နယ်မှာ စစ်ရှောင်ဦးရေ  ၇၈၀၀၀ ဟုဖော်ပြထားပါတယ်။ UNHCR ဟာသူတို့လက်လမ်းမီသလောက်မြို့ပေါ်နေရာတွေက စစ်ရှောင်စာရင်းတွေကိုသာကောက်ယူထားတာဖြစ်လို့ မြေပြင်နဲ့အရေအတွက်ကွာဟနေတာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေး ဥက္ကဋ္ဌဦးဗညားကပြောပါတယ်)။

စစ်ဘေးရှောင်တွေဟာ ကိုယ့်ရွာ အတိုက်ခိုက်ခံရတဲ့အခါ ကိုယ့်မြို့နယ်အတွင်းက တိုက်ခိုက် မခံရသေးတဲ့ ရွာတွေဆီ သွားရောက်တိမ်းရှောင်ကြရသလို တောတောင်တွေထဲ တဲထိုးပြီးအစုလိုက် ရှောင်ကြရတာလည်း ရှိပါတယ်။

စစ်ရှောင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ လူမှုကူညီရေး လှုပ်ရှားသူတွေက တတ်နိုင်သလောက် ကူညီကြပေမယ့်လည်း အရေအတွက် များလာတဲ့အခါ အလွန် ဒုက္ခရောက်ကြရတယ်လို့ ဆိုကြပါတယ်။

ကျန်းမာရေးပြဿနာ၊ ရာသီဥတုကြောင့် နေထိုင်ရေး ပြဿနာ၊ အစားအသောက်ပြဿနာ များစွာဟာ အိုးပစ် အိမ်ပစ်ပြေးလာရတဲ့ စစ်ရှောင်တွေရဲ့ နေ့စဉ်ဘ၀တွေပဲ ဖြစ်နေပါတယ်။

“တိုက်ပွဲတွေကြောင့် ဆေးဝါး ဝယ်လို့ မရရင် စစ်ရှောင်စခန်းတွေမှာ ရောဂါပိုများရော။ ဝမ်းရောဂါလည်း ဆိုးတယ်။ တခြားနာတာရှည်ရောဂါ ရှိသူတွေအတွက်လည်း စိုးရိမ်ရတယ်” လို့ လူမှုကူညီရေးအဖွဲ့ဝင် တစ်ယောက်ကလက်ရှိ ကြုံနေရတာကို ပြောပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ စစ်တမ်းကောက်ယူမှုတွေအရ စစ်ရှောင်၂၀ ရာခိုင်နှုန်းလောက်က ရှစ် နှစ်အောက်ကလေးတွေဖြစ်ပြီး အာဟာရချို့တဲ့မှုတွေလည်း ကြုံနေရတယ်လို့ သိရပါတယ်။ လွတ်လပ်သောကရင်နီပြည်သူ့အင်အားစု Progressive Karenni People Force (PKPF) ရဲ့ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊နိုဝင်ဘာလကုန်အထိ ကောက်ယူထားတဲ့ အချက်အလက်တွေအရတော့ ကရင်နီပြည်နယ်အတွင်း အရပ်သားပြည်သူ ၂၈၄ ဦး သတ်ဖြတ်ခံခဲ့ရပြီး စစ်ရှောင် ၁၁၆ ဦး သေဆုံးခဲ့ရပါတယ်။ ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲအရေအတွက် ၅၄၅ ကြိမ်အထိ စစ်ကောင်စီတပ်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပြီး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KNDF နဲ့ပြည်သူ့ကာကွယ်ရေးတပ်သားတွေ ကျဆုံးမှုမှာတော့ ၁၄၈ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၇၃ ကြိမ်ခံ ခဲ့ရပြီး ဘာသာရေးအဆောက်အုံ ၂၇ လုံး ပျက်စီးခဲ့ပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့တာက ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၂၄ရက်မှာ ဖြစ်ခဲ့တဲ့ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးက လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုပါ။ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူပေါင်း ၃၀ ကျော် စစ်ရှောင်ထွက်ပြေးကြရာမှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီး ကားတွေရော လူတွေကိုပါ မီးရှို့ပစ်ခဲ့ပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့က ကိုဗညားကတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ “ကျွန်တော် ပြောစရာ စကားတောင် မရှိဘူးဗျာ။ သူတို့ ဘယ်လို ခံစားခဲ့ရမလဲ မတွေးတောင် မတွေးရဲဘူး။ ဒီကောင်တွေနဲ့မှ တိုးရတယ်လို့” ဆိုပြီး ဝမ်းနည်းစကား ဆိုခဲ့ပါတယ်။

မြေပြင်၊ ဝေဟင် စစ်ကြောင်းတွေနဲ့ ဖျက်ဆီးခံ အသိုက်အမြုံတွေ

**************************

မိခင်တွေ၊ ကလေးငယ်တွေ တောင်းပန်နေတဲ့ကြားက အထက်အမိန့် ပါတယ်ဆိုပြီး စစ်ကောင်စီတပ်တွေဟာနေအိမ်ပေါင်း ၃၀၀ ကျော်ကို မီးရှို့သွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နဲ့ ဖော်ဖော်ဝါရီ ၁ရက်မှာ ဖြစ်ခဲ့တာပါ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက မွေ့တုံရွာနဲ့ ပန်းရွာမှာ ဖြစ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးတဲ့ အိမ်တွေကို ဒေသခံတွေက ဒီအတိုင်း ထိုင်ကြည့်ခဲ့ကြရပါတယ်။

ရွာတစ်ရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိတယ် ကြားရင် အဲဒီရွာကို မီးရှို့ပြီး အကြောက်တရား သွင်းဖို့လုပ်တယ်လို့ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်း ထဲက စစ်ရှောင်တွေကို ကူညီပေးနေသူ  ယောနယ်ထဲက ကိုထွန်းက ဆိုပါတယ်။

“ဒါကြီးက ရိုးပေမယ့်လည်း သူတို့အတွက် အသုံးဝင်တယ် ထင်တော့ လုပ်နေတော့တာပဲ။ လက်နက်ကြီးနဲ့ ပစ်မယ်။ မီးရှို့မယ်ပေါ့။ ကြောက်ရင် ပြီးပြီ ထင်နေတာ” လို့ သူက ဆိုပါတယ်။

ကိုထွန်းဟာ မကွေးတိုင်း၊ဂန့်ဂေါခရိုင် ယောနယ်ထဲမှာ နေထိုင်သူဖြစ်ပေမဲ့ တိုက်ပွဲတွေဖြစ်ပွားမှု များလာတဲ့အခါစစ်ရှောင်တွေအများဆုံးဖြစ်တဲ့စစ်ကိုင်းတိုင်းမှာ ကူညီရတဲ့ အပိုင်းကို ဝိုင်းလုပ်နေသူလည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဟာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ တော်လှန်မှု အပြင်းထန်ဆုံး ဒေသတွေထဲက တစ်ခု ဖြစ်ပြီး နေရာကျယ်ဝန်းမှုနဲ့ ခုခံစစ် များပြားမှုတွေကြောင့် စစ်ရှောင်တွေလည်း အရမ်း များခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့နောက်ဆုံးစစ်တမ်းအရ စစ်ကိုင်းတိုင်းထဲမှာ စစ်ရှောင် ၆ သိန်းကျော် ရှိနေခဲ့ပြီး အာဏာသိမ်းပြီးနောက် နိုင်ငံအဝန်းလူဦးရေ ၁၁ သိန်း (၁.၁ သန်း) ကျော် စစ်ရှောင်ဖြစ်ခဲ့ကြရာမှာ ထက်ဝက်ကျော်ဟာ စစ်ကိုင်းတိုင်းထဲက ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်က စစ်ကိုင်း တိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ ကလေးငယ် ၂၀၀ ကျော်စာသင်နေတဲ့ စာသင်ကျောင်းကို စစ်ကောင်စီတပ်တွေက လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် ၁၂ ဦးသေဆုံးခဲ့ပြီး ကလေး ၂၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ မိဘတွေဟာ ကလေးတွေရဲ့အလောင်းတွေကိုတောင် ယူခွင့်မရခဲ့ပါဘူး။

“ခုခံစစ် လုပ်ဆောင်သူတွေကို ကြောက်အောင် လုပ်ချင်တယ်။ လေယာဉ်နဲ့ ပစ်တယ်။ လက်နက်ကြီးနဲ့ ပစ်တယ်။ ဒါအမြဲ လုပ်နေတာပဲ။ ကလေးတွေကို လုပ်တာတော့ အကျည်းတန်လွန်းတယ်” လို့ ဒီအဖြစ်အပျက်နဲ့ ပတ်သ က်လို့ ကိုထွန်းက ဆိုတယ်။

“ပြောရမယ်ဆိုဗျာ။ ဒီရွာကို မီးရှို့ရင် ဟိုရွာက ကျွေး၊ ဟိုရွာကို မီးရှို့ရင် ဒီရွာက ကျွေး လုပ်နေရတာပဲ။ ခက်တာကစီးပွားတွေ မကောင်းတော့ စစ်ရှောင်တွေလည်း ဒုက္ခဖြစ်တာပေါ့” လို့ သူက ရှင်းပြပါတယ်။

မြန်မာနိုင်ငံအဝန်း နေအိမ်မီးရှို့ခံရမှုတွေကို စစ်တမ်းပြုစုနေတဲ့ Data for Myanmar ရဲ့ အချက်အလက်တွေအရအာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၂၈၄၃၄ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ စစ်ကိုင်းတိုင်းဟာ နေအိမ်ပေါင်း ၂၀,၁၅၃ လုံးနဲ့ အများဆုံး၊ မကွေးတိုင်းက၅,၄၁၈ လုံးနဲ့ ဒုတိယအများဆုံးဖြစ်ပြီး ချင်းပြည်နယ်ကတော့ ၁,၄၇၄ လုံးနဲ့ တတိယအများဆုံး ဖြစ်ပါတယ်။ ဒီစာရင်းဟာ ၂၀၂၂ ခုနှစ် ၊ ဩဂုတ်လ ၂၅ ရက်ကနောက်ဆုံးရခဲ့တဲ့ စာရင်းပါ။ စာရင်းထဲမပါသေးတဲ့ ပြီးခဲ့တဲ့စက်တင်ဘာလ၊ နိုဝင်ဘာလနဲ့ အခုဒီဇင်ဘာလတွေမှာလည်း စစ်ကိုင်းတိုင်ထဲက ကျေးရွာနေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေကို စစ်ကောင်စီတပ်တွေဟာ နေ့တိုင်းလိုလိုလုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

အခုဒီဇင်ဘာလ၁ရက်ကနေ ၁၀ရက်အတွင်း စစ်ကောင်စီတပ်တွေ ၁၀ရက်ဆက်တိုက်မီးရှို့ခဲ့လို့ ဒီးပဲယင်းအရှေ့ခြမ်းရှိ ကျေးရွာ၁၉ရွာက နေအိမ် ၁၇၀၀ ကျော်အထိမီးလောင်ပြာကျခဲ့ရတယ်လို့ ဒီပဲယင်းညီနောင်များအဖွဲ့ကဖော်ပြထားပါတယ်။

ဆောင်းရာသီနဲ့ စစ်ရှောင်ဒုက္ခ

********************

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ စစ်ကြောင်းတွေကြောင့် ဒေသခံတွေဟာမကြာခဏ အရေးပေါ် ထွက်ပြေးနေကြရပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာ စစ်ကြောင်းတွေကြောင့်ချင်းနယ်ဘက်ကို အရေးပေါ်ထွက်ပြေးခဲ့ရတဲ့ ယောဒေသ စစ်ဘေးရှောင်တွေဟာ အဝတ်အထည်နဲ့ အမိုးအကာတွေ မလုံလောက်တဲ့ အခြေအနေနဲ့ ချင်းတောင်ရဲ့ အေးမြလွန်းတဲ့ ဆောင်းရာသီ အအေးဒဏ်တွေကြားမှာကျန်းမာရေး ချို့ယွင်းမှုတွေ ဖြစ်လာကြလို့ ဆေးဝါးတွေပါ အရေးပေါ်လို အပ်နေကြရပါတယ်။

စစ်ကြောင်းတွေကြောင့် တစ်နှစ်ပတ်လုံး အကြိမ်ကြိမ် ရှောင်တိမ်းနေကြရတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေနဲ့စုဆောင်းထားတဲ့ ပစ္စည်းတွေဟာလည်း တစ်နေ့တခြား ပိုမို မီးရှို့ဖျက်ဆီးခံနေကြရလို့ အခုဆောင်းတွင်းကာလမှာအကာအကွယ်မဲ့ အခြေအနေနဲ့ အနွေးထည်၊ ခြုံစောင်တွေ မလုံလောက်မှုတွေကို ကြုံနေရတယ်လို့ ဝက်လက်မြို့နယ်က စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

ဝက်လက်မြို့နယ်က အသက်၂၀ ကျော်အရွယ်ရှိတဲ့ စစ်ဘေးရှောင် လူငယ်ကတော့ မနှစ်က ဆောင်းတွင်းနဲ့ အခုဆောင်းတွင်း နှစ်ခုကို စစ်ပြေးဘဝနဲ့ ဖြတ်သန်းနေရတာပါ။

“လေယာဥ် ရှစ်စီးနဲ့ ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာ ဝင်ပစ်တဲ့အခါကျတော့ ကျွန်တော်တို့က ဘာမှ မယူနိုင်ဘူးပေါ့နော်။ လုံခြုံတဲ့ တောထဲတွေ ပြေးရတာ။ နောက်ပိုင်းကျမှ နီးစပ်ရာ ရွာတွေဆီကို လူစုခွဲပြီး ရှောင်ကြရတယ်။ မိုင်၂၀၊ ၃၀ လောက် ဝေးတဲ့ နေရာတွေကို ခြေလျင် လျှောက်ပြီး ရှောင်ကြရတယ်။ ညလည်း မအိပ်ရဘူး။အစားအသောက်လည်း ပြတ်လပ်တယ်။ တစ်နေကုန် တစ်နပ်မှ မစားရတဲ့ အခါလည်း ရှိတာပဲ။ တစ်ခါတလေ တစ်နပ်လောက်ပဲ စားရတာလည်း ရှိတယ် “လို့ သူကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲကို ပြီးခဲ့တဲ့ အောက်တို ဘာလနဲ့ နိုဝင်ဘာလတွေမှာ ကျေးရွာတွေထဲစစ်ကြောင်းထိုးနေလို့ ဒေသခံတွေဟာ တောတွေထဲမှာ အများဆုံး ရှောင်နေကြရတာလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ စာရင်းတွေအရ စစ်အာဏာ သိမ်းချိန်ကစလို့ ယခုနှစ်၊ နိုဝင်ဘာလကုန်အထိ အရ ပ်သား ၁၁ သိန်းကျော် (၁၁၅၉,၂၀၀ ဦး) အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ အဲဒီထဲက ၈ သိန်းကျော် (၈၃၈,၃၀၀ဦး) ဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကနေနိုဝင်ဘာလအထိ ၁၁ လအတွင်း တိုးလာတာပါ။ ဒါဟာ ပြည်သူတွေရဲ့ ခုခံစစ်အပေါ် စစ်တပ်ရဲ့ အရပ်သားပစ်မှ တ်ကို ချေမှုန်းနေတာတွေကြောင့် ဖြစ်တယ်လို့ ဒေသခံစစ်ရှောင်တွေက ပြောပါတယ်။

စစ်အာဏာသိမ်းမှုမှာ စစ်တပ်ကို တော်လှန်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေဟာ နိုင်ငံနဲ့ အဝန်းပေါ်ထွက်လာခဲ့ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချ င်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်န ယ်၊မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေအများဆုံး ဖြစ်ပွားနေခဲ့ပါတယ်။ အဲဒီကနေမှ စစ်ရှောင်တွေလည်း များသထက် များလာရတာဖြစ်ပါတယ်။

အိမ်ပြန်ခွင့်နဲ့ အိမ်ပြန်ခွင့် မရှိသူများ

*********************

မြန်မာနိုင်ငံရဲ့ စစ်ဘေးရှောင် လူ ၁၁ သိန်းကျော်ထဲက တစ်ယောက်ဖြစ်တဲ့ အဲဂနက်ကတော့ လက်ရှိ လွိုင်ကော်မြို့နယ်ထဲက လုံခြုံတဲ့ နေရာတစ်ခုမှာ ခင်ပွန်းရယ်၊ သမီးလေးရယ်၊ လသားအရွယ် သားလေးရယ်နဲ့အတူ ခိုလှုံနေပါတယ်။ စစ်ကောင်စီတပ်တွေ ရှိနေတာမို့ သူမရဲ့ ရွာဆီ ပြန်ဖို့တော့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်အချိန်တန်ရင် ပြန်နိုင်မယ်လို့တော့ အက်ဂနက်က မျှော်လင့်နေတုန်းပါပဲ။

“ကျွန်မတို့ ရွာမှာဆို သူတို့ (စစ်ကောင်စီတပ်) က အထိုင်ချထားတော့ မပြန်ရဲကြတော့စောင်တွေဘာတွေလုံလောက်မှု မရှိဘူး။ အနွေးထည်တွေ လုံလောက်မှု မရှိဘူး။ အခက်အခဲတွေတော့ အတော်များများ ကြုံနေကြရတယ်“လို့ ပစ္စည်းတွေ လိုအပ်တဲ့အခါ အိမ်ပြန်ယူလို့ မရတဲ့အပေါ် အဲဂနက်က ဆိုပါတယ်။

ပြေးလွှားပြီး စစ်ရှောင်နေရတာကို စိတ်ကုန်နေတဲ့ အဲဂနက်က “ကလေးငယ်နဲ့ဆိုတော့ တခြားနေရာတွေလည်း ထပ်မပြေးချင်တော့ဘူး။ ကလေးငယ်နဲ့ကတောထဲလည်း မရှောင်နိုင်ဘူး။ နောက်ထပ်တစ်နေရာထပ်ရွှေ့ဖို့ကလည်း မလွယ်ဘူး” လို့ ဆိုပါတယ်။

ဒီလိုအခက်အခဲတွေ၊ အသက်အန္တရာယ်တွေကြားမှာပဲ ရင်သွေးငယ်လေးကို မွေးဖွားထားရတဲ့ အဲဂနက် တစ်ယောက်ကတော့ ကလေးငယ်ရဲ့ ဘဝ လုံခြုံစိတ်ချရမို့ အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွားမယ်လို့ အားတင်းပြောဆိုပါတယ်။ တဆက်တည်းပဲမှာ မိသားစု သိုက်သိုက်ဝ န်းဝန်းနဲ့ ကိုယ့်နေအိမ်မှာ ပြန်နေချင်တာ သူ့ အတောင့်တဆုံး ဆန္ဒပါ။

စစ်ကိုင်းတိုင်းထဲက ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုထွန်းကတော့ “တချို့ကတော့ အခြေအနေကောင်းရင်အိမ်ဘက် ပြန်လို့ ရမယ်။ ဒါပေမယ့် တချို့ကတော့ အိမ်တွေ မရှိတော့ဘူး။ အဲဒီတော့ ဒီလိုပဲ ဆက်သွားနေရမှာပဲ” လို့ စစ်ရှောင်စခန်းတွေက အခြေအနေတွေကို ပြောပါတယ်။

စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက်မှာ ဆက်တိုက် ပေးဆပ်ခဲ့ရတဲ့ သူတို့ရဲ့ ဘ၀တွေဟာဘယ်တော့ များမှ အဆုံး သတ်နိုင်မယ်ကို မသိရသေးပါဘူး။ ဘယ်သူက အိမ်ပြန်လို့ ရမလဲ။ ဘယ်သူတွေက အိမ်ပြန်ခွင့် မရှိတော့မလဲဆိုတဲ့မေးခွန်းတွေနဲ့အတူ စစ်ရှောင်တွေရဲ့ ပိုင်ဆိုင်မှုတွရော၊ ဘ၀အနာဂတ်တွေဟာ မှေးမှိန်နေဆဲပါပဲ။

Saw Smith နဲ့ Bo Han ရေးသားသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleဒီပဲယင်းအရှေ့ခြမ်းကျေးရွာများကို လက်နက်ကြီးဖြင့် စစ်ကောင်စီတပ်အကြောင်းမဲ့ပစ်ခတ်
Next Article ကန့်ဘလူခရိုင်တွင် အသက်မပြည့်ကလေးငယ် သုံးဦးအပါအဝင် ပြည်သူ ၈၁ ဦး သေဆုံးခဲ့ရ
thanlwinkhet
  • Website

Related Posts

မူးယစ်ဆေးဝါးနဲ့ ပိုယဉ်ပါးလာတဲ့ မြို့

April 28, 2025

ပဋိပက္ခကြားက ကလေးတွေရဲ့ ပညာရေး ခရီးကြမ်း

April 27, 2025

ငလျင်က မြန်မာ့ပြည်တွင်းစစ်ရဲ့ဟန်ချက်ကို ပြောင်းလဲနိုင်သလား

April 24, 2025

Leave A Reply Cancel Reply

Recent Posts

  • နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ
  • နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို
  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်
  • ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်
  • အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို

ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

May 22, 2025

နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို

May 22, 2025

ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

May 21, 2025

ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်

May 21, 2025

အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်

May 21, 2025

မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်

May 21, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.