အောက်တိုဘာ ၁၇၊ ကရင်။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း လေးကေ့ကော်မြို့သစ်ရှိ စွယ်တော်ကုန်းစခန်း(အမြောက်ကုန်း)ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ အောက်တိုဘာလ ၁၇ ရက်နံနက်ပိုင်းတွင် သိမ်းပိုက်ရရှိခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့နံနက်အစောပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက စွယ်တော်ကုန်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် နံနက် ၅ နာရီအချိန်ခန့်တွင် သိမ်းပိုက်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ စွယ်တော်ကုန်းစစ်ကောင်စီစခန်းသည် စစ်အာဏာသိမ်းကာလအတွင်း၌ ၂၀၂၁ ခုနှစ်နှစ်လယ်ပိုင်းကစပြီး ၁၂၀ မမ အပါအဝင် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်။
အောက်တိုဘာလ ၇ ရက်တွင်လည်း ၎င်းအမြောက်ကုန်းမှ ဖလူးကြီးကျေးရွာအတွင်းသို့ လက်နက်ကြီးဖြစ် ပစ်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် ဆေးခန်းများ ပျက်စီးခဲ့ရသည်။
“အဲဒီအမြောက်ကုန်းကရှိနေတော့ မထင်ရင် မထင်သလို ရွာထဲလည်း ပစ်တယ်။ အဲဒီတော့ ဘယ်သူမှ ရွာမှာ အတည်တကျမနေရဲဘူးဖြစ်နေတာ၊ ခုမနက်ကတော့ သိမ်းနိုင်ပြီသတင်းကြားတယ်၊ မနက်အစောကြီးကတည်းက ပစ်ခတ်သတ်တွေကြားနေရတယ်”ဟု ဖလူးကြီးဒေသခံ ကိုထွန်းက ပြောသည်။
တပ်မဟာ ၆ နယ်မြေအတွင်းရှိ အဆိုပါ စွယ်တော်ကုန်းစခန်းအား ကော်ဘရာတပ်ဖွဲ့ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၇ လကြာပိတ်ဆို့ထားပြီးနောက် ယနေ့ သီတင်းကျွတ်လပြည့်နံနက်အစောပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ရေးအရဗျူဟာမြောက်အရေးပါသည့် လက်ခတ်တောင်ကိုလည်း ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။
ဓါတ်ပုံ – တပ်မဟာ ၆ နယ်မြေအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များ(VL)