သံလွင်ခက်
အောက်တိုဘာ ၁၅၊ ၂၀၂၄။
‘ငြိမ်းချမ်းရေး’ ဆိုတဲ့ စကားလုံးဟာ မြန်မာပြည်သူတွေအတွက်တော့ မသက်ဆိုင်လှတဲ့ အချိန်ကာလတစ်ခုတည်ရှိနေပါတယ်။ နှစ်ပေါင်းရှည်ကြာတဲ့ပြည်တွင်းစစ်မီးနဲ့ လက်ရှိစစ်အာဏာသိမ်းခုခံတော်လှန်စစ်ကြားမှာ လက်နက်ကြီးလက်နက်ငယ်သံတွေကသာ နိုင်ငံပြယုဒ်ဖြစ်နေခဲ့ပါတယ်။
လက်နက်ကိုင်အစုအဖွဲ့တွေ၊ မတူညီတဲ့ မျိုးနွယ်စုတွေကြားမှာ မင်းမူထားတဲ့ စစ်အာဏာရှင်ကို တွန်းလှန်ရင်း နေ့တဓူဝဟာ တိုက်ပွဲကာလဖြစ်နေခဲ့ရတာပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကြာကာလက ငြိမ်းချမ်းရေးအဖြေရှာ စာချုပ်ဆိုရင်လည်း ဒီကနေ့ဆိုရင်ကိုးနှစ်တိုင်ခဲ့ပါပြီ။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA- Nationwide Ceasefire Agreement) လို့ခေါ်တဲ့ စာချုပ်ဟာ လက်ရှိမှာတော့ ငြိမ်းချမ်းရေးဆွေးနွေးရေးအစား အငြင်းပွားဖွယ်ရာ ကတိကဝတ်တွေ အဖြစ်သာတည်ရှိနေတဲ့ အခြေအနေဖြစ်နေရတာပါ။
NCA မှသည် ရေရှည်တည်တန့်ခိုင်မြဲသော ငြိမ်းချမ်းရေးဆီသို့လို့ စစ်ကောင်စီဥက္ကဌက ပြောဆိုလေ့ရှိပါတယ်။ ဒါပေမယ့်လည်း နှစ်ပေါင်း ၇၀ ကျော်ပဋိပက္ခရှည်ကြာ ပြည်တွင်းစစ်ကြားမှာ NCA စာချုပ်ဟာ သက်တမ်းအရ ဆယ်စုနှစ်တစ်ခုစာတောင် မခိုင်မာခဲ့ပါဘူး။
ဒီကနေ့ နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ NCA ၉ နှစ်ပြည့်အခမ်းအနားမှာလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ နိုင်ငံရေးဆွေးနွေးမှုအစား လက်နက်ကိုင်ပြီး တောင်းဆိုမှုတွေကို လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူးလို့ ရင့်ရင့်သီးသီး ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အပြစ်တင်ပြောဆို သွားပြီး စစ်တပ်အနေနဲ့ အကြမ်းဖက် သောင်းကျန်းသူတွေကို နှိမ်နင်းဖို့ထပ်မံဆောင်ရွက်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
သူ့အနေနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို အကြိမ်ကြိမ်ပြောဆိုခဲ့ပေမယ့် စစ်အာဏာသိမ်း ၃ နှစ်ခွဲကျော် ကာလအတွင်းမှာတင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃,၂၀၀ ကျော်လုပ်ဆောင်ခဲ့တယ်လို့ ညဏ်လင်း သစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီလို တိုက်ခိုက်မှုကြောင့် ပြည်သူ ၁,၈၀၀ နီးပါး သေဆုံးခဲ့ရတာပါ။
ဒီလို လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်တာတွေနဲ့ မြို့တွေ ရွာတွေမှာ အဖမ်းခံရပြီး ညှဉ်းပန်းနှိပ်စက်တာတွေကြောင့် သေဆုံးရတဲ့ အရေအတွက်ဟာ ၆,၀၀၀ နီးပါးရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
မြန်မာစစ်တပ်ရဲ့ဥပဒေမဲ့ကျူးလွန်မှုတွေကြားမှာလည်း ပြည်သူပေါင်း ၃ သန်းဝန်းကျင်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေဖြစ်နေတာပါ။
စစ်ခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို သုံးစွဲနေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က စစ်ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေး လိုချင်သူတွေမဟုတ်ဘဲ နိုင်ငံ့ကယ်တင်ရှင်အသွင်တာ ရုပ်လုံးဖော်ဖန်တီးနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။
“ငြိမ်းချမ်းဖို့ဆိုတဲ့နေရာမှာလေ အရေးကြီးဆုံး တစ်ခုကတော့ ငြိမ်းချမ်းချင်စိတ်ရှိဖို့ပေါ့နော်။ ကျွန်တော်နားလည်တာက မြန်မာနိုင်ငံမှာတောက်လျှောက်ငြိမ်းချမ်းရေးလုပ်ခဲ့ကြတယ်။ အဲ့ငြိမ်းချမ်းရေးဘာလို့မရလဲ၊ ရှင်းရှင်းလေးပဲ ငြိမ်းချမ်းရေးကိုမလိုလားတဲ့အစုအဖွဲ့တွေရှိနေတယ်လို့ ကျွန်တော်တော့အဲလိုပဲနားလည်တယ်” လို့ သူက ဆက်ပြောပါတယ်။
ဝိရောဓိ NCA
***********
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ မှာ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ ၈ ဖွဲ့က ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအနေနဲ့ လက်နက်ကိုင်အဖွဲ့ ၁၅ ခုကို ဖိတ်ခေါ်ခဲ့ပေမယ့် စေ့စပ်ညှိနှိုင်းလုပ်နေချိန်မှာပဲ မမျှတာတွေရှိ တယ်ဆိုပြီး ၇ ဖွဲ့က ငြင်းဆိုခဲ့ပါတယ်။
၂၀၁၈ ဖေဖော်ဝါရီ ၁၃ မှာတော့ ၂ ဖွဲ့လက်မှတ်ထိုးခဲ့တာကြောင့် စုစုပေါင်း ၁၀ ဖွဲ့ဖြစ်ခဲ့ရပါတယ်။
အာဏာသိမ်းကာလအတွင်းမှာတော့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO), အပါအဝင် ငါးဖွဲ့က စစ်ကောင်စီနဲ့ ဆက်မဆွေးနွေးတော့ပါဘူး။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး-LDU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့က NCA ကို ဆက်လက်ကိုင်စွဲပြီး ဆက်ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။
မွန်ပြည်သစ်ပါတီ NMSP ကတော့ NCA က ကိုင်စွဲထားတဲ့အဖွဲ့နဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်မယ့် NMSP AD ဆိုပြီး နှစ်ဖွဲ့ခွဲထွက်လာခဲ့ကြပါတယ်။
မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်တွေထဲက စစ်တပ်ဟာ NCA စာချုပ်ကို သူတို့ရဲ့ ထွက်ပေါက်တစ်ခုအနေနဲ့ ကိုင်ဆွဲထားပြီး အာဏာတည်မြဲရေးအတွက် လုပ်ဆောင်နေတယ်လို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ မိကွန်ချမ်းနွန်က ပြောပါတယ်။
“NCA ထိုးထားသော်ငြားလည်း ကျွန်မတို့နိုင်ငံမှာ တိုင်းရင်းသားဒေသတွေမှာ အမြဲတမ်းတိုက်ပွဲတွေ ဖြစ်နေ တာပေါ့နော်။ ဒါက ဘာကိုပြသလဲဆိုလို့ရှိရင် စစ်တပ်ရဲ့ဗိုလ်ကျမှု၊ စိုးမိုးမှု၊ သူတို့မှာပဲ အာဏာရှိတယ်ဆိုတဲ့ အာဏာပြမှုတွေကို ကျွန်မတို့မြင်ရမှာ ဖြစ်တယ်။ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ အခွင့်အရေးတွေအတူတကွ လုပ်ဆောင်သွားနိုင်မယ့် အခွင့်အရေးတွေကို ဘယ်တော့မှ ကျွန်မတို့ကို အခြေအနေမပေးပါဘူး” လို့ သူက ထောက်ပြပါတယ်။
မွန်ပြည်သစ်ပါတီ NMSP၊ ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့ဟာလည်း NCA ကို ကိုင်ဆွဲထားတဲ့ ခေါင်းဆောင်တွေနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်သူတွေကြား အငြင်းပွားဖွယ် ဖြစ်ခဲ့ရပါတယ်။
မွန်ပြည်သစ်ပါတီအနေနဲ့မှာလည်း အခုလ အောက်တိုဘာ ၆ ရက်မှာ မွန်ပြည်သစ်ပါတီရဲ့ မွန်လွတ်မြောက် ရေးတပ်မတော်တပ်ရင်း ၅ တစ်ရင်းလုံးဟာ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ဆီကို ပူးပေါင်းခဲ့ပါတယ်။
အခုနှစ် ဖေဖော်ဝါရီမှာ ထုတ်ပြန်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ AD ရဲ့ ကြေညာချက်မှာတော့ ၁၁ ကြိမ်မြောက် ပါတီညီလာခံမှာ Bilateral Ceasefire Agreement နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အတိုင်းရပ်တည်ပြီး စစ်ကောင်စီနဲ့ ဆက်ဆံသွားဖို့ ဆုံးဖြတ်ခဲ့တာကို လက်မခံကြောင်းပါဝင်ခဲ့ပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်မှာလည်း PNLO/ PNLA ကနေ နှုတ်ထွက်ကြောင်းကြေညာခဲ့တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဗိုလ်မှူးခွန်မင်းသိမ်းနဲ့ တွဲဖက်အတွင်းရေးမှုူး (၂) နန်းယဉ်ယဉ်စိုးတို့ကို ရာထူးနဲ့ တာဝန်အရပ်ရပ်ကိုပါ ရုပ်သိမ်းတဲ့အပြင် တပ်ဖွဲ့ဝင်အဖြစ်ကပါ ထုတ်ပယ်တယ်လို့ PNLO က အခုနှစ် အောက်တိုဘာလ ၁၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာတော့ ဗိုလ်မှူးကြီးခွန်ဥက္ကာအပါအဝင် ၃ ဦးဟာ PNLO အမည်အလွဲသုံးစားလုပ်ပြီး PNLO-NCA-S အဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့တာကြောင့် အခြေခံမူနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာဖြစ်လို့ အဖွဲ့ကနေ ထုတ်ပယ်တယ်လို့ ဆိုပါတယ်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက ပအိုဝ်းအမျိုးသားတွေရဲ့ အေးချမ်းသာယာဖွံ့ဖြိုးမှု၊ လုံခြုံမှု၊ ငြိမ်းချမ်းမှုတို့ကို ရှေးရှုတာကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ် PNLO-NCA-S ကို ပြန်လည်ဖွဲ့စည်းဆောင်ရွက် သွားမှာဖြစ်သလို တစ်နိုင်ငံလုံးပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA အတိုင်း ဆက်လက်လျှောက်လှမ်းသွားမယ်လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
NCA ဟာ ဦးသိန်းစိန်အစိုးရ မဆင်းခင်က လွှတ်တော်နှစ်ရပ်မှာ အတည်ပြုခဲ့တာကြောင့် တရားဝင်စာချုပ်အဖြစ်ဆက်ရှိနေတယ်လို့ သူကဆိုပါတယ်။
“ဥပဒေပြုပိုင်ခွင့်ရှိတဲ့ လွှတ်တော်တစ်ရပ်ရပ်က ဒီစာချုပ်ကို ဆက်သုံးလို့မရတော့ဘူး၊ ရုပ်သိမ်းမှပျက် ပြယ်နိုင်မှာ။ အခုက လွှတ်တော်လည်းမရှိဘူး။ ဘယ်သူမှ ရုပ်သိမ်းပိုင်ခွင့်လည်းမရှိဘဲ တရားဝင်အထောက်အထားတစ်ခုကို မရှိတော့ဘူးလို့ ပြောတာကတော့ ဥပဒေနားမလည်သလိုတော့ ဖြစ်တာပေါ့” လို့ သူကပြောပါတယ်။
NCA ကို ဖျက်ချင်ရင်တော့ လွှတ်တော်ကိုပြန်တင်ပြီး လွှတော်တစ်ရပ်က ဆက်လက်အသုံးမပြုကြောင်း ကြေညာမှတာ ရုပ်သိမ်းပယ်ဖျက်နိုင်မယ်လို့ ဆက်ပြောပါတယ်။
စစ်တပ်ကို တွန်းလှန်တိုက်ခိုက်ရင်း တိုင်းရင်းသားဒေသအလိုက် လက်နက်ကိုင်အစုအဖွဲ့တွေ မြန်မာနိုင်ငံမှာ များပြားခဲ့ရပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းကာလမှတော့ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြားမှာ ပြည်သူကို ကာကွယ်ဖို့နဲ့ဒီမိုကရေစီအရေးအတွက် လက်နက်ကို လက်နက်ခြင်းတွန်းလှန်းဖို့လမ်းစဉ်ဟာစတင် အသက်ဝင်လာခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ပြည်သူ့ကာကွယ်ရေး PDF တပ်ရင်း ၃၀၀ ဟာ နိုင်ငံတဝှမ်းက ဒေသအသီးသီးမှာ စစ်ဒေသချ လှုပ်ရှားလာကြပါတယ်။ အဲဒီလိုစစ်ရေးလှုပ်ရှားမှုတွေကြားမှာလည်း စစ်တပ်ရဲ့ အင်အားသုံးထိုး စစ်တွေ၊ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှုတွေနဲ့ လေကြောင်း၊ ရေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူ PDF တပ်ရင်းတွေရဲ့ စခန်းသိမ်းစစ်တွေဟာ အပြန်အလှန် သောသောညံခဲ့ရပါတယ်။
ဒီလိုတနေ့တခြားပြင်းထန်လာတဲ့ ပဋိပက္ခတွေ စစ်ပွဲတွေကြားမှာ NCA ဆိုတာဟာ ဖြေရှင်းနိုင်တဲ့လှုပ်ရှားမှုဖြစ်မလာနိုင်တော့ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆိုပါတယ်။
စစ်တပ်ဟာ NCA နဲ့ ငြိမ်းချမ်းရေးတည်ဆောက်ပြီး လူမျိုးစုအစုအဖွဲ့တွေတောင်းဆိုနေတဲ့ ဖယ်ဒရယ်ပြည် ထောင်စု၊ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်စီမံခွင့်ပြဌာန်းခွင့်ရနိုင်တဲ့ နိုင်ငံရေးအခြေပြု သဘောတရားတွေထက် သူတို့အသာစီးရရေးကိုသာ ရည်ရွယ်ထားပုံရတယ်လို့ ထောက်ပြထားပါတယ်။
“တကယ်တမ်းတော့ ဒီအပစ်အခတ်ရပ်စဲတယ်ဆိုတာ ကျွန်တော်တို့ ငယ်ငယ်တုန်းက စိန်ပြေးလိုက်တမ်းကစားပြီးတော့ ခဏနားတယ်၊ မောတဲ့အတွက်တော့ ဖွာတေးလုပ်တယ်ဆိုတဲ့ သဘောပဲရှိတယ်။ အဲဒါက မပြီး သေးဘူး။ အဆုံးအဖြတ် ဘယ်သူနိုင်မယ်၊ ဘယ်သူက ဘယ်လိုပုံစံမျိုးနဲ့ပန်းဝင်မယ်၊ ဘယ်သူ အနိုင်ရမလဲ ဘယ်အဖွဲ့က အနိုင်ရမလဲဆိုတာ ကျွန်တော်တို့ မသိသေးဘူး။ ဒါက ခဏလေး Break Time ယူတဲ့သဘောပဲ ရှိတယ်” လို့ သူက ဆိုပါတယ်။
စစ်တပ်ရဲ့အာဏာရှင်စနစ်အောက်မှာ တောင်ပေါ် မြေပြန့်မကျန် တရားမျှတမှုတွေ ဆုံးရှုံးခဲ့ကြရပါတယ်။ ဒီအခြေအနေကို တွန်းလှန်ရင်းနဲ့ပဲ အထိုင်ကျတဲ့ ငြိမ်းချမ်းရေးအစား ပဋိပက္ခတွေကြား ပြည်သူအများစု ပြေးလွှားရှောင်တိမ်းခဲ့ရပါတယ်။
NCA လို ဆေးမြီးတိုတွေအစား စစ်မှန်တဲ့ငြိမ်းချမ်းရေးတွေရဖို့မှာလည်း မြန်မာနိုင်ငံရေးမှာဝေးကွာနေဆဲပါ။