ယမင်းဖူးပွင့်အောင်
အောက်တိုဘာ ၁၅၊ ၂၀၂၄။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ဟာ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအပြီး ၂ ရက်အကြာမှာ အဲဒီမြို့ကိုရောက်ရှိခဲ့တယ်လို့ NUG က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို KIA အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ် ၁၂ ဖွဲ့ကတိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၈ ရက်မှာ သိမ်းပိုက်ခဲ့တာပါ။
ဝန်ကြီးဟာ မြို့သိမ်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တွေကို သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပြီး သိမ်းပိုက် ရရှိခဲ့တဲ့မြို့ကို ဝင်ရောက်စစ်ဆေးတာနဲ့ လက်နက်ချ အညံ့ခံပူးပေါင်းခဲ့တဲ့ စစ်သုံ့ပန်းတွေကို တွေ့ဆုံခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
ပင်လည်ဘူးမြို့ဟာ ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ဖောင်းပြင်မြို့တွေနဲ့ဆက်စပ်နေပြီး ဧရာဝတီမြစ်ဝှမ်းနဲ့ ချင်းတွင်းမြစ်ဝှမ်းဆက်သွယ်တဲ့ လမ်းကြောင်းပေါ်က မဟာဗျူဟာကျတဲ့ မြို့ဖြစ်ပါတယ်။
ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်တာဟာ စစ်ကောင်စီတပ်ရဲ့အရေးပါတဲ့ ခံစစ်လိုင်းတစ်ခုကို ချိုးဖျက်နိုင်ခဲ့ပြီး PDF တပ်မတော်ရဲ့တိုက်စွမ်းရည်ကို ပြသနိုင်ခဲ့တယ်လို့ NUG က ဆိုထားပါတယ်။
ပုံစာ- ပင်လည်ဘူးမြို့ကို ကြည့်ရှု့စစ်ဆေးနေသည့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ဓာတ်ပုံ- အမျိုးသား ညီညွတ်ရေးအစိုးရ။