ယမင်းဖူးပွင့်အောင်
အောက်တိုဘာ ၁၅၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၃၀၀ ကျော်ကို ပြောင်းရွှေ့ခဲ့ခြင်းသည် နိုင်ကျဉ်းများလွတ်မြောက်သွားမည်ကို မလိုလားခြင်းကြောင့်ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM ၏ တာဝန်ရှိသူကိုသိုက်ထွန်းဦးက သံလွင်ခက်ကိုပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်တွင် စစ်ကောင်စီလက်အောက်ခံ၊ အကျဉ်းဦးစီးဌာနမှ စစ်တွေထောင်ရှိ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၃၅၁ ဦးကို ပုသိမ်အကျဉ်းထောင်သို့ အောက်တို ဘာ ၁၀ ရက်တွင် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
“စစ်တွေက အချိန်မရွးစစ်ပွဲမြေပြင်ဖြစ်လာနိုင်တဲ့အခြေအနေမှာအကျဉ်း ထောင်တွေမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေအများကြီး လွတ်မြောက်နိုင်တယ်။ လားရှိုး၊ နောင်ချို၊ မိုးကုတ်မှာလဲဖြစ်စဉ်တွေဖြစ်ခဲ့ဖူးပြီ။ အဲ့ဒါကို သူတို့ လုံခြုံရေးမပေးနိုင်တာကတစ်ကြောင်း သူတို့စိတ်ထဲမှာ နိုင်ကျဉ်းတွေလွတ်သွားမှာ ကိုမလိုလားတဲ့အတွက် လုံခြုံမယ့်ဒေသကထောင်တွေကို ပြောင်းရွှေ့တယ်လို့သုံးသပ်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
ရခိုက်ပြည်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း အဆင်မပြေမှုများကြောင့် ပြောင်းရွှေ့ခံရသည့် အကျဉ်းသားအရေအတွက် အတိအကျကို အတည်ပြုရန် အခက်အခဲရှိနေပြီး ပိုမိုများပြားနိုင်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
“ကြားထားတဲ့အချက်တွေအရတော့ဒီထက်မကတဲ့ အရေအတွက်ရှိလိမ့်ဦးမယ်ဗျ။ အဲဒါကြောင့် စောင့်ကြည့်မှုတွေဆက်လုပ်နေတယ်။ တခြားထောင်တွေကိုရောက်ခဲ့ရင်တော့ ကျွန်တော်တို့ကရောက်ရှိစာရင်းပဲသိနိုင်မယ်” ဟု ၎င်းက ဆိုသည်။
လတ်တလောတွင် ပုသိမ်အကျဉ်းထောင်သို့ရောက်ရှိနေသည့် နိုင်ကျဉ်းများမှာ စားရေးသောက်ရေး အခက်အခဲများကြုံတွေ့နေရသည်ဟု PPNM က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၈ တွင် လားရှိုးမြို့ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် လားရှိုးအကျဉ်းထောင်ဖွင့်ပေးခဲ့သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD ပါတီ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်သွားခဲ့သည်။
ဓာတ်ပုံ- PPNM