သံလွင်ခက်
အောက်တိုဘာ ၁၅၊ ၂၀၂၄။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘာဇာခရိုင်မှ ဓားပြတိုက်ခံရပြီး ဖမ်းဆီးလှောင်ပိတ်ခံခဲ့ရသည့် ဘင်္ဂလားဒေရှ်ေ့ရေလုပ်သား ၁၆ ဦးကို ရခိုင်ပြည်၊ မောင်တောမြို့ ကျောက်ပန္ဒူကမ်းခြေအနီး၌ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ကမ်းခြေစောင့်တပ်မှ ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့တွင် ကယ်တင်ခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်ခဲခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၈ တွင် ဘင်္ဂလားပင်လယ်အော် သို့ ငါးရှာရန်ထွက်လာသည့် ကော့ဘဇာခရိုင်မှ ရှားဟာ့နိုရိုနော်ဂေါ်ကျေးရွာ ရေလုပ်သား (၁၄) ဦး၊ ဆားပြင်ပင်ဆိုးရီကျေးရွာသား (၁) ဦးနှင့် ဖီးချားရီက ကျေးရွာသား (၁) ဦးတို့သည် မော်တော်ဘုတ် (၃) စီးနှင့် အမည်မသိလက်နက်ကိုင် ဘင်္ဂလီ (၆၀) ခန့်တို့၏ ပင်လယ်ဓားပြတိုက်ခြင်းကို ခံခဲ့ရသည်။
အဆိုပါရေလုပ်သားများကို ပင်လယ်ဓါးပြများက ရိုက်နှက်ခဲ့ပြီး ငါးဖမ်းလှေဝမ်းဗိုက်အတွင်း၌ နှစ်ရက်ခန့် ပိတ်လှောင်ခဲ့ပြီး ပိုက်ဆံ၊ ဖုန်း၊ ရေနံဆီ၊ စားသောက် ကုန်၊ ရိက္ခာ၊ ဆန်၊ ဆီ၊ ဆား၊ ပိုက်ကွန်များအားလုံးကို ယူဆောင်သွားခဲ့သည်။
ထို့နောက် အောက်တိုဘာ ၇ ရက်တွင် ယင်းပင်လယ်ဓားပြအဖွဲ့မှ ရေလုပ်သား ၁၆ ဦးကို မောင်တောမြို့၊ ကျောက်ပန္ဒူကမ်းခြေအနီး၌ ကမ်းတင်ရန်လုပ်ဆောင်စဉ် AA ကမ်းခြေစောင့်တပ်မှ ကယ်တင်ကာ ဆေးကုသမှုပေးခဲ့ပြီး အောက်တိုဘာ ၁၄ ရက်ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Shaporir ဆိပ်ကမ်း၌ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲနှင့် ရဲတပ်ဖွဲများထံ ပြန်လည်အပ်နှံပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- AA Info Desk