( တပ်မိသားစုဝင်များကို ပြန်လွတ်ပေးရန်ရှိ )
သံလွင်ခက်။
အောက်တိုဘာ ၁၄ ၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ယမန်နေ့ နေ့လည် ၁ နာရီတွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA ပြောခွင့်ရ လွေးယေဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
” သီပေါမြို့မှာရှိတဲ့ လက်ကျန်တပ်စခန်း ခလရ ၂၃ ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ အချိန်ကတော့ နေ့လည် ၁ နာရီဖြစ်ပါတယ် “ဟု ၎င်းက ပြောဆိုသည်။
အဆိုပါ မြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၅၀ ကျော်နှင့် ၎င်းတို့၏ မိသားစုဝင် ၁၀၀ ကျော်ကို ဖမ်းဆီးရမိထားသသည်ဟု TNLA ထံက သိရသည်။
TNLA ပြောခွင့်ရ လွေးယေဦးက ” တော်တော်များများက ထွက်ပြေးပြီး တော့မှ ကျွန်မတို့ ဝန်းရံပိတ်ဆို့ပြီး ဖမ်းဆီးနိုင်တာဖြစ်ပါတယ်။ တချို့ကြတော့လည်း လက်နက်တွေ စွန့်ပြီးမှ ပူးပေါင်းတာ တွေရှိပါတယ်။ တပ်မိသားစုဝင် တွေကိုတော့ ပြန်လွတ်ပေးဖို့ရှိပါတယ်။ ” ဟုဆိုသည်။
သီပေါမြို့တွင် စစ်ကောင်စီ၏ ခမရ ၅၀၃ ၊ ခမရ ၅၀၄ နှင့် ခလရ ၂၃ တို့ အခြေစိုက်ထားသည်။ ခမရ ၅၀၃ နှင့် ခမရ ၅၀၄ ကို TNLA က စက်တင်ဘာ ၂၇ ရက်တွင် သိမ်းယူနိုင်ခဲ့ပြီး ၂ လကျော်ကြာတွင် လက်ကျန်စခန်းဖြစ်သည့် ခလရ ၂၃ ကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
သီပေါမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီး ကြောင့် အရပ်သား ၃၀ ကျော်သေဆုံးခဲ့ပြီး တစ်ရာနီးပါးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
၁ဝ၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် TNLA က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ မိုးမိတ်၊ နောင်ချို၊ မိုးကုတ်၊ နှင့် သီပေါမြို့များကို သိမ်းပိုက်ထားနိုင်ခဲ့သည်။
ပုံစာ – သီပေါမြို့တွင် မြင်တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်တချို့။
ဓာတ်ပုံ – မောင်ချေ။