သံလွင်ခက်။
အောက်တိုဘာ ၁၄ ၊ ၂၀၂၄။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း လက်လွတ်ခဲ့ရသည့် တပ်စခန်းများ ပြန်လည်ရရှိရေး စစ်ကောင်စီတပ်က ကြိုးပမ်းလျက်ရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY – PDF က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
MDY – PDFက သိမ်းယူထားသော တပ်စခန်းများကို ပြန်လည်ရရှိရန် စစ်ကောင်စီက အောက်တိုဘာလဆန်းကစပြီး ကြိုးစားလျက်ရှိသောကြောင့် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်ဟု MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က သံလွင်ခက်သတင်းဌာနကို ပြောသည်။
” လေကြောင်းတိုက်ခိုက်မှုကလည်း နေ့စဉ်ဆိုသလို ရှိပါတယ်။ မြေပြင် စစ်ကြောင်းတွေနဲ့လည်း အင်အားဖြည့်ပြီးတော့ ကျွန်တော်တို့ သိမ်းယူထားတဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီဘက်က ကြိုးစားနေတာဖြစ်ပါတယ်။ ” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီက တပ်စခန်းများပြန်လည်ရရှိရေး နေ့စဉ် ကြိုးပမ်းနေသော်လည်း လက်ရှိ အချိန်ထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အပြည့်ဝထိန်းချုပ်ထားဆဲဖြစ်သည်ဟု ကိုအော်စမွန်က ဆက်လက်ပြောဆိုသည်။
အဆိုပါ တိုက်ပွဲများအတွင်း လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများ သိမ်းဆည်းရမိခဲ့သည်ဟု MDY-PDF က ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မတ္တရာမြို့နယ် တိုက်ပွဲများအတွင်း စစ်ရေးပစ်မှတ်များကိုသာမက အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများကိုလည်းပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY – PDF က မတ္တရာမြို့နယ်ထဲရှိ စစ်ကောင်စီတပ်စခန်း ၃၅ ခုကို သိမ်းယူနိုင်ခဲ့သည်ဟု ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။
ပုံစာ – တိုက်ပွဲအတွင်းသိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။
ဓာတ်ပုံ – MDY – PDF