ခင်သရဖီဦး
အောက်တိုဘာ ၁၂၊ ၂၀၂၄။
ရခိုင်ပြည်၊ ဂွမြို့တွင် စစ်ကောင်စီက တစ်အိမ်ထောင်လျှင် ဆန် ၃ ပြည်ခန့်သာ သယ်ယူခွင့် ကန့်သတ်လိုက်သဖြင့် ဒေသခံများ စားဝတ်နေရေးအခက်အခဲများကြုံတွေ့နေရသည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် သြဂုတ်လမှစတင်ကာ ဆန်သယ်ယူခွင့်ကန့်သတ်ခဲ့ခြင်းဖြစ်ပြီး ယခုရက်ပိုင်းတွင် စစ်ဆေးရေးပိုမိုတင်းကြပ်လာသဖြင့် ဆန်ကို လိုအပ်သလောက်လည်း ဝယ်ယူမရဖြစ်နေသည်။
“ကျွန်တော်တို့က ဆိုင်ကဝယ်တာကို အများကြီးဝယ်ခွင့်မရဘူး။ ဒီမှာ တစ်အိမ်ထောင်ကို ၂ ရက်စာ ၃ ပြည်ပဲ သယ်လို့ရ တယ်လေ။ ၃ ပြည်ကျော်ရင်သယ်မရဘူး။ အိမ်မှာ လူဦးရေနည်းတဲ့လူတွေမှာ အဆင်ပြေနိုင်ပေမဲ့ လူများရင်က မရဘူး အဆင်မပြေပါဘူး” ဟု ဂွမြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။
ဂွမြို့ပေါ်တွင် လူအများစုမှာ စစ်ရှောင်တိမ်းနေကြရပြီး အိမ်စောင့်အဖြစ်နေခဲ့သူတချို့နှင့် တခြားနေရာများသို့ ခိုလှုံရန် ငွေကြေးမတတ်နိုင်သူများသာ ကျန်ရှိနေသည်ဟု သိရသည်။
“စစ်တပ်ရဲ့ရည်ရွယ်ချက်က ဘာလဲတော့ မသိဘူးဗျ။ ဒါပေမဲ့ အားလုံးကို ကန့်သတ်ထားတော့ တော်တော်လေး ဒုက္ခ ရောက်တယ်။ ပိုက်ဆံ ရှိတုန်း ဝယ်စုထားလည်း မရတော့ပိုဆိုးတာပေါ့” ဟု အထက်ပါ ဒေသခံက ဆိုသည်။
ဂွမြို့၌လက်ရှိတွင် ဆန်တစ်ပြည်ကို ၂၅,၀၀၀ ကျပ်အထိဈေးမြင့်တက်လျက်ရှိပြီး လိုသလောက်ဝယ်ယူမရဘဲ ဆန်ပြတ်လပ်မှုများရှိနေသည်ဟု သိရသည်။
ထို့အပြင် မြို့အဝင်အထွက်များကို စစ်ကာင်စီက စစ်ဆေးရေးဂိတ်များချကာ စားသောက်ကုန်အပါအဝင် ဆေးဝါးများ ကို ပိတ်ပင်ကန့်သတ်ထားသဖြင့် ကုန်စျေးနူန်းမြင့်တက်ခြင်းနှင့် ပြတ်လပ်မူရှိနေသည်ဟု သိရသည်။
ဂွမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်အာရက္ခတပ်တော်တို့မှာ ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးပတ်လောက်မှစ၍ ယနေ့ အထိ ကျိန္တလီမြို့အနီးအနားနှင့် ကုလားပြင်ကျေးရွာအနီးအနားတွင် တိုက်ပွဲများပြင်းထန်လျက်ရှိနေသည်။