ထွယ်
အောက်တိုဘာ ၂၊ ၂၀၂၄။
လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် ဖလူးကြီးကျေးရွာက ဒေသခံများ နေရပ်မပြန်ရဲဘဲ တိမ်းရှောင်နေရသည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ကေ့ကော်အမြှောက်ကုန်းမှ ဖလူးကြီးကျေးရွာသို့ လက်နက်ကြီးပစ်ခတ်ပြီးနောက် မွန်းလွဲ ၃ နာရီခန့်တွင်လည်း လက်နက်ကြီး ထပ်မံ ပစ်ခတ်ခဲ့သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ထပ်ပစ်သေးတယ်။ လယ်ကွင်းဘက်ကို ကျတာ။ လောဆယ် ကျောင်းတွေလည်း ပိတ်ထားရတယ်။ ၅ ရက် ၁၀ ရက်လောက် စောင့်ကြည့်ရဦးမယ်” ဟု ပြောသည်။
လေးကေ့ကော်အမြှောက်ကုန်းမှ ဖလူးကြီးကျေးရွာသို့ လက်နက်ကြီးပစ်ခတ်သဖြင့် စာသင်ကျောင်းနှင့် ကျေးရွာဆေးပေးခန်းများပျက်စီးခဲ့ပြီး အသက် ၃၁ နှစ်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ ဖလူးကြီးကျေးရွာက ဒေသခံပြည်သူ ၉၀ ရာခိုင်နှုန်းခန့်မှာလည်း ယနေ့ချိန်ထိ ကျေးရွာအတွင်း ပြန်လည်နေထိုင်ခြင်းမရှိဘဲ တိမ်းရှောင်နေသည်ဟု ဒေသခံများထံက သိရသည်။
ဖလူးကြီး ကျေးရွာသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးကျေးရွာအုပ်စုတွင် တည်ရှိပြီး အိမ်ခြေ ၄၀၀ ခန့်ရှိကာ လူဦးရေ ၁,၀၀၀ ကျော်နေထိုင်သည့် ကျေးရွာဖြစ်သည်။
အဆိုပါ ကျေးရွာသည် ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတိမ်းရှောင်နေသည်မှာ ၅ ကြိမ်ရှိကာ စစ်ရှောင်ရာမှ ကျေးရွာအတွင်း ပြန်လည်နေထိုင်နေသည်မှာလည်း တစ်နှစ်ခန့်သာ ရှိသေးသည်ဟု ဒေသခံများက ပြောသည်။
ပုံစာ – လက်နက်ကြီး ထိမှန်မှုကြောင့် ပျက်စီးခဲ့ရသည့် ဖလူး စာသင်ကျောင်း