သံလွင်ခက်
အောက်တိုဘာ ၁၊ ၂၀၂၄။
ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်တွင် တစ်ခုတည်းကျန်ရှိသည့် စစ်ကောင်စီ၏ အမြှောက်ကုန်းမှ ဖလူးကြီးကျေး ရွာသို့ လက်နက်ကြီးပစ်ခတ်သဖြင့် စာသင်ကျောင်းနှင့် ကျေးရွာဆေးပေးခန်းများပျက်စီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က ယင်းစခန်းကုန်းမှ လက်နက်ကြီး ၅ လုံးပစ်ခတ်ခဲ့ရာ ဖလူးကြီးကျေးရွာအတွင်းသို့ ကျ ရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင်နှစ်ဆောင်နှင့် ဆေးပေးခန်းတစ်ဆောင်ပျက်စီးခဲ့ခြင်းဖြစ်သည်။
“ရွာထဲမှာက ၃ လုံး ရွာပြင်မှာ ၂လုံး အားလုံးပေါင်း ၅ လုံးပေါ့။ ရွာသားတွေ ထိခိုက်ဒဏ်ရာတော့ မရှိဘူး။ အခုလောလောဆယ် အသေးစိတ်တော့မကြည့်ရသေးဘူး။ ရွာသားတွေက ဒုက္ခသည်စခန်းနဲ့ မင်းလက်ပံဘက်မှာ ရှောင်နေကြတယ်” ဟု ဆိုသည်။
ထို့အပြင် ဖလူးလေးနှင့် ဖလူးကြီးရွာနားက ဗိုလ်ကလနဘုရားဂိတ်မှ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်- DKBA တပ်ဖွဲ့ဝင်တစ်ဦးကို လက်နက်ကြီးစထိမှန်ဒဏ်ရာရခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖလူးကြီးကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော် လူဦးရေ ၁,၀၀၀ ကျော်ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်း မကြာခဏ စစ်ရှောင်နေရပြီး ယခုတစ်ကြိမ် အပါအဝင် (၅) ကြိမ်ခန့် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု သိရသည်။
ပုံစာ- ဖလူးကြီးရွာစာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့သည့် မြင်ကွင်း။
ဓာတ်ပုံ- ပေးပို့။