သံလွင်ခက်။
စက်တင်ဘာ ၁၇ ၊ ၂၀၂၄။
တိုင်ဖုန်းယာဂီ၏အကြွင်းကျန်မိုးများကြောင့် မြန်မာနိုင်ငံ၏နေရာအများအပြားတွင် သိသာထင်ရှားသည့် ရေကြီးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့် လူပေါင်း ၆၃၁,၀၀၀ ခန့် ရှိနိုင်သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၁၆ ရက်၌ ထုတ်ပြန်ခဲ့သည်။
နေပြည်တော်၊ ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၉ ခုရှိ မြို့နယ် ၅၉ မြို့နယ် ရေဘေးသင့်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် ၁၀ မြို့နယ်နှင့် မကွေးတိုင်းဒေသကြီးရှိ မြို့နယ် ၆ မြို့နယ်တွင် လူပေါင်း ၃၀၀,၀၀၀ ကျော် ရေဘေးသင့်ခဲ့သည်ဟု ဖော်ပြထားသည်။
ထို့ပြင် နေပြည်တော်တွင် မြို့နယ် ၄ မြို့နယ်မှ လူပေါင်း ၆၀,၀၀၀ ကျော် ရေကြီးမှုဒဏ်ခံခဲ့ရသည်လည်း UNOCHA က ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ် ၁၄ မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုဒဏ်ခံခဲ့ရပြီးလူပေါင်း ၇၄,၀၀၀ ခန့်ရေဘေးသင့်ခဲ့ပြီး ယင်းထဲ၌ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာသူများလည်း ပါဝင်သည်။
ထို့အတူ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ကျိုင်းတုံနှင့်တာချီလိတ်မြို့နယ်များတွင် လူပေါင်း ၁၈,၀၀၀ ကျော် ရေဘေးသင့် ခဲ့သည်ဟု UNOCHA ၏ ထုတ်ပြန်ချက်အရသိရသည်။
ကရင်ပြည်နယ်တွင် မြို့နယ် ၅ မြို့နယ်မှ လူဦးရေ ၉၀,၀၀၀ နီးပါး ရေကြီးမှုဒဏ်ခံခဲ့ရပြီး ပဲခူးတိုင်းဒေသကြီး၌ ထန်းတ ပင်၊ အုတ်တွင်း၊ ဖြူး၊ တောင်ငူနှင့် ရေတာရှည်မြို့နယ်များမှ လူပေါင်း ၈၇,၀၀၀ ကျော် ရေဘေးဒဏ်သင့်ခဲ့သည် ဖော်ပြသည်။
ကယားပြည်နယ် မြို့နယ် ၄ မြို့နယ်မှ လူဦးရေ ၉,၂၀၀ နီးပါး ရေကြီးမှုဒဏ်ခံခဲ့ရပြီး မွန်ပြည်နယ်ဘီးလင်းနှင့် ကျိုက်ထို မြို့များမှ လူပေါင်း ၉၀၀ ကျော်သည်လည်း ရေဘေးဒဏ်သင့်ခဲ့ရသည်ဟု UNOCHA က ကောက်ယူထားသည့်အချက်အလက်များအရ သိရသည်။
အဆိုပါ ရေကြီးမှုကြောင့် လူရာနှင့်ချီ၍ သေဆုံးခဲ့ပြီး၊ ထို့ထက်ပိုများသော လူများလည်း ပျောက်ဆုံးနသည်ဟု UNOCHA ကထုတ်ပြန်ထားသည်။