ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် တွေ့ရှိခဲ့ရသည့် ရိုဟင်ဂျာ ၁၃ဦး၏ ရုပ်အလောင်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဘာသာရေးနှင့်ဆန့်ကျင်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်ဟု
သိရသည်။
ယခုလဒီဇင်ဘာ၅ရက်၊နံနက်ပိုင်းတွင် လှည်းကူးမြို့နယ်၌တွေ့ရှိရသည့် ရိုဟင်ဂျာ၁၃ဦး၏ ရုပ်အလောင်းများကို ရန်ကုန်ဆေးရုံကြီးသို့သယ်ဆောင်သွားပြီးနောက် အစ္စလာမ်ဘာသာရေးထုံထမ်းစဥ်လာနှင့်အညီ သင်္ဂြိုဟ်ခွင့်ပေးမည်ဟု ရန်ကုန်ဆေးရုံးကြီးတာဝန်ရှိသူများက ပြောဆိုထားခဲ့သည်။
ထို့ကြောင့် လိုက်လံကူညီဆောင်ရွက်နေသူများက သင်္ဂြိုဟ်ရန်အတွက် ယမန်နေ့ဒီဇင်ဘာ ၆ရက်တွင် ရုပ်အလောင်းများကို ထုတ်ယူရန်သွားခဲ့ရာစစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ရုပ်အလောင်းများကို မီးရှို့ပစ်ရန် ညွန်ကြားထားသောကြောင့် အစ္စလာမ်ဘာသာရေး ထုံးထမ်းစဥ်လာနှင့်အညီ သင်္ဂြိုဟ်ခွင့် မပေးနိုင်တော့ဟု ပြန်လည်ပြောဆိုခဲ့သည်။
” မြေပြင်မှာ အမှန်တကယ် လိုက်လံဆောင်ရွက်နေသူတွေက ဇွဲလုံ့လအပြည့်နဲ့ နောက်ဆုံးအချိန်ထိ ရသလောက်ကြိုးစားမယ်ဆိုပြီး ကြိုးစားကြတယ်။ နောက်ဆုံးမှာ ဒီနေ့ မနက် ၈ နာရီခွဲမှာ ဆေးရုံကြီးက ရင်ခွဲရုံမှာပဲ သေဆုံးသွားသူတွေအတွက် အစ္စလာမ်ဘာသာရေးနဲ့အညီ ဝတ်ပြုခွင့်ပေးမယ်။
သင်္ဂြိုဟ်ဖို့ ဆေးရုံကြီးရဲ့ အစီအစဉ် (စည်ပင်ရဲ့ အစီအစဥ်) နဲ့ ထိန်ပင်သုဿန်မှာ မီးရှို့တာကို ပါဝင်ပတ်သက်မှာ မဟုတ်ဘူးဆိုပြီး သဘောတူခဲ့ကြတယ်။ ဒါကလည်း လိုက်လံဆောင်ရွက်နေသူတွေက ဘယ်လိုမှ မရတဲ့အဆုံး ဝတ်ပြုခွင့်နဲ့ လက်လျှော့လိုက်ရတာပါ “ဟု ရိုဟင်ဂျာအရေးကူညီပေးနေသူ ရိုနေဆန်းလွင်က ဖော်ပြထားသည်။
ရန်ကုန်ဆေးရုံကြီးရှိတာဝန်ရှိသူများနှင့်ရဲတပ်ဖွဲ့ဝင်များက ကတိပေးထားသည့်အတိုင်း ဝတ်ပြုနိုင်ရန် ကူညီဆောင်ရွက်သူများက ယနေ့ဒီဇင်ဘာလ ၇ ရက်နံနက်ပိုင်း၌ လိုက်သွားခဲ့ကြ
သော်လည်းရုပ်အလောင်းများကို ယနေ့ နံနက် ၅ နာရီခန့်တွင် စည်ပင်က ထုတ်သွားပြီး မီးရှို့လိုက်သည်ဟု သိရသည်။
” ဝတ်ပြုခွင့်နဲ့ သင်္ဂြိုဟ်ခွင့် မပေးတာက ဘာသာရေးကို စော်ကားတာပါ။
အစ္စလာမ်ဘာသာရဲ့ ထုံးထမ်းစဥ်လာအရ သေဆုံးသူအတွက် ဝတ်ပြုဆုတောင်းရတယ်။ ပြီးတော့ ဘာသာရေးအရ သတ်မှတ်ထားတဲ့အတိုင်း မြေမြှုပ်သင်္ဂြိုဟ် ရတယ်။
ဒီလူတွေအတွက် ဘာသာရေးသတ်မှတ်ချက်တွေ လုပ်ခွင့်မရတဲ့အတွက် ကျွန်တော်တစ်ယောက်တင် မဟုတ်ဘူး၊ အစ္စလာမ်ဘာသာဝင်အားလုံး စိတ်မကောင်းဖြစ်နေမှာပါ “ဟု ရိုနေဆန်းလွင်က ပြောသည်။
လှည်းကူးမြို့နယ် ဘားလားကျေးရွာအုပ်စု
တပင်ရွှေထီးလမ်းမပေါ်တွင် တွေ့ရှိခဲ့ရသည့်
ရိုဟင်ဂျာ ၁၃ ဦး၏အလောင်းများကို တွေ့ရှိရခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် မီဒီယာများက အလုံပိတ်ကားဖြင့် ရန်ကုန်ကိုလိုက်လာစဥ် အောက်စီဂျင်ပြတ်ပြီး အသက်ရှူကြပ်သေဆုံးခြင်းဖြစ်ကြောင်း ဖော်ပြထားကြသည်။
စစ်ကောင်စီဘက်ကထိုကဲ့သို့ ဝါဒဖြန့်နေကြသော်လည်း သေဆုံးသူများ၏ရုပ်အလောင်းများ၌ ဒဏ်ရာများတွေ့ရှိရ၍ သတ်ဖြတ်ခံရသည့်အခြေအနေဖြစ်ကြောင်း ရိုဟင်ဂျာအရေး ကူညီနေသူများက ယုံကြည်နေကြသည်။
ထိုကဲ့သို့ သံသယဖြစ်စရာအခြေအနေများနှင့်ရှိနေသည့် ရိုဟင်ဂျာ ၁၃ ဦး၏ရုပ်အလောင်းများကို ရင်ခွဲစစ်ဆေးချက်ရလဒ်များကိုလည်း ကူညီဆောင်ရွက်ပေးနေသူများက သိရှိခွင့်မရသည့်အပြင် ရုပ်အလောင်းများကိုပါ အစ္စလာမ်ဘာရေး ထုံးထမ်းစဥ်လာနှင့်ဆန့်ကျင်၍ စစ်ကောင်စီကမီးရှို့ဖျက်ဆီးခဲ့ကြသည်။