တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာရဲစခန်းနှင့် ကရင်ကြီးကျေးရွာ ပျူစောထီးစခန်းတို့အား စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု Dawei Guerrilla Revolutionary Force – DGRF အဖွဲ့က ယနေ့တွင် ထုတ်ပြန်ထားသည်။
လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်းနှင့် ကရင်ကြီးကျေးရွာရှိ ပျူစောထီးစခန်းတို့အား DGRFနှင့်မဟာမိတ်တပ်ဖွဲ့များက ယခုလ ဒီဇင်ဘာ ၄ရက် ည၈း၀၀ နာရီခန့်တွင် တစ်ချိန်တည်းစစ်ကြောင်းခွဲ၍ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုဖြစ်စဥ်တွင် အပြန်အလှန်ပစ်ခတ်မှု ၁နာရီခန့် ကြာမြင့်ခဲ့ပြီး မောင်းမကန်ရဲစခန်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့သည်။ ကရင်ကြီးကျေးရွာ ပျူစောထီးစခန်းတိုက်ပွဲ၌လည်း စစ်ကောင်စီနှင့်ပျူစောထီးတပ်ဖွဲ့များ များစွာထိခိုက်သေဆုံးနိုင်သည်ဟု သိရ သည်။
ထို့နောက်မောင်းမကန်ရဲစခန်းတိုက်ပွဲအတွက် စစ်ကူရန် ၁၀၄ခြေလျင်တပ်ရင်းမှ စစ်ကား၃စီးဆင်းလာခဲ့ရာ အသင့်စောင့်ဆိုင်းနေသော DGRFရဲဘော်များက မောင်းမကန် သုံးထပ်လမ်း တစ်နေရာတွင် နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
နှစ်ကြိမ်ပေါင်း မိုင်း၂၄လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား၂စီး ထိချက်မှန်ကာ ထိုးရပ်၍ ၁ စီးမီးလောင်ခဲ့ပြီးနောက့ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ခန့် ဖြစ်ပွားခဲ့သည်၊၊
ထိုမှတစ်ဆင့် မောင်းမကန်ရွာနှင့် ကရင်ကြီးရွာကြား လမ်းပိုင်းတစ်နေရာတွင်လည်း တိုက်ခိုက်ခံနေရသည့် ပျူစောထီးစခန်းအား စစ်ကူပေးရန်အတွက် Vigoကားတစ်စီးနှင့်အတူ အင်အား၂၀ကျော်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လမ်းလျှောက်ပြီးဝင်လာရာ အသင့်စောင့်ဆိုင်းနေသော ရဲဘော်များက မိုင်း(၁၂)လုံးဖြင့် တစ်ပြိုင်တည်း မ်ိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှု၌ Vigo (၁)စီးထိမှန်ကာစစ်ကောင်စီတပ်ဖွဲ့ ဝင်များ ထိခိုက်သေဆုံးခဲ့သည်။
တိုက်ခိုက်မှု(၄)ကြိမ်တွင် စစ်ကောင်စီ၏ ကား(၃) စီးပျက်စီး၍ ထိခိုက်ဒဏ်ရာရရှိသူများကို ထားဝယ်မြို့ စစ်တပ်ဆေးရုံတွင် အရေးပေါ်ကုသ နေခဲ့ရပြီး ယနေ့အချိန်ထိ စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင် ၄၀ဦးထိ သေဆုံးခဲ့ဟု DGRF ကထုတ်ပြန်ထားသည်။
အဆိုပါစစ်ဆင်ရေးအား လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်ကြသော Dawei Guerrilla Revolutionary Force – DGRF (ထားဝယ် -ပကဖ) ၊ T PDF ၊ YPPDF ၊Dawei Defence Team – DDT တပ်ခွဲ(၃)(ထားဝယ်ပကဖ) ၊ အထူးပြောက်ကျားတပ်ဖွဲ့ နှင့် ထားဝယ်နဂါးပြည်သူ့ကာကွယ်ရေး တပ်ခွဲ(၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းအဖွဲ့မှ ရဲဘော်၅ ဦး မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သည်။
ထိုစစ်ဆင်ရေး၌ပါဝင်ခဲ့သည့် ပူးပေါင်းအဖွဲ့ ရဲဘော်များ ဘေးကင်းလုံခြုံရာနေရာများသို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ရဲဘော်များ၏ လုံခြုံရေးနှင့် စစ်ရေးလျှို့ဝှက်ရန်လိုအပ်သဖြင့် ယနေ့မှသတင်းထုတ်ပြန်ရခြင်းဖြစ်သည်ဟု DGRF က ဖော်ပြထားသည်။