ရဲဘော်ဖိုးစိုး
သြဂုတ် ၂၁၊ ၂၀၂၄
ပြည်ထောင်စုမြန်မာနိုင်ငံဟာ သဘာဝသယံဇာတ လွန်စွာပေါကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ ဒါပေမယ့် သယံဇာတထုတ်ယူမှုကနေရတဲ့ အကျိုးစီးပွားကိုတော့ ပြည်သူတွေရရှိခံစားရတာ အင်မတန်နည်းပါးတာ ကို တွေ့ရတယ်။
တိုင်းပြည်ရဲ့ သဘာဝသယံဇာတတူးဖော်ထုတ်ယူမှုဟာ စစ်အစိုးရအဆက်ဆက်မှာ စစ်ခရိုနီတွေကပဲ လက် ဝါးကြီးအုပ်ထားခဲ့သလို စစ်တစ်ပိုင်းဒီမိုကရေစီခေတ်မှာလည်း ပွင့်လင်းမြင်သာမှုရှိခဲ့တာ မတွေ့ရပါဘူး။
သယံဇာတတူးဖော်ထုတ်ယူရာမှာ လူအခွင့်အရေးနဲ့ လူမှုရေးဆိုင်ရာ သက်ရောက်မှုတွေကတော့ ကြုံရလေ့ ရှိတယ်။ အဓမ္မအလုပ်စေခိုင်းမှု (ကလေးသူငယ်များပါ အသုံးပြုမှု) နဲ့ လုပ်အားခေါင်းပုံဖြတ်တာတွေ၊ ဒေသ ခံပြည်သူတွေ အဓမ္မနေရပ်ရွှေ့ပြောင်းခံရတာတွေနဲ့ ကျားမအခြေပြုအကြမ်းဖက်ခံရတာတွေ၊ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဆုံးရှုံးတာတွေ၊ ကျန်းမာရေးဆိုင်ရာပြဿနာတွေနဲ့ ရပ်ရွာစည်းလုံးညီညွတ် ရေးပြိုကွဲတာတွေ၊ ငါးဖမ်းလုပ်ငန်းထိခိုက်ဆုံးရှုံးတာတွေ ကြုံရလေ့ရှိတယ်။
ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ရေးရာ ဂယက်တွေအနေနဲ့သစ်တောပြုန်းတီးတာနဲ့ ဇီဝမျိုးကွဲဆုံးရှုံးတာတွေ၊ မြေဆီလွှာတိုက်စားတာနဲ့အနည်ကျ၊ အနည်ထိုင်မှုတွေ၊ ရေထု၊ လေထုဆိုင်ရာညစ်ညမ်းမှုတွေ၊ သစ်တော ပြုန်းတာ၊ တောမီးလောင်တာနဲ့ ရာသီဥတုပြောင်းလဲတာတွေစတဲ့ ဂယက်အမျိုးမျိုးလည်း ဒေသခံတွေကပဲ ခါးစည်းခံရပါတယ်။
အထူးသဖြင့် ၂၀၂၁ နွေဦးတော်လှန်ရေးကာလတွင်းမှာ နိုင်ငံတွင်းက အမျိုးမျိုးသော သယံဇာတထုတ်ယူတာ တွေဟာ အချက်အလက်မှတ်တမ်းမှတ်ရာမရှိဘဲ တိုင်းပြည်အတွက်အများကြီး ဆုံးရှုံးနစ်နာနေတယ်လို့ သယံဇာတရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
ဒီလိုအခြေအနေမှာ စစ်ကိုင်းအညာ မြန်မာပြည် အလယ်ပိုင်းက ကြေးနီမိုင်းထုတ်ယူမှုတွေကရော ဘယ်လို အခြေအနေရှိနေပြီလဲဆိုတာက စိတ်ဝင်စားစရာ ကောင်းပါတယ်။
လက်ပံတောင်းကောက်ချက်
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့တဲ့ လက်ပံတောင်းကြေးနီစီမံကိန်းဟာ စီမံကိန်းဧရိယာ ၇၈၆၇.၇၈ ဧက (၃၁. ၈၄ စတုရန်းကီလိုမီတာ) ရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့တာက ၇၉၄၆.၉၁ ဧက (၃၂.၁၆ စတု ရန်း ကီလိုမီတာ) ရှိခဲ့တယ်။
သို့သော် မလိုလားအပ်တဲ့မြတွေကို ပြန်လည်ပေးအပ်တဲ့အနေနဲ့ ၇၈၆၇.၇၈ဧ ကနေ ၉၀၅.၅၂ ဧက ကို ထုတ် နုတ်ပေးအပ်ခဲ့တဲ့အတွက် လက်ကျန် ၆၉၆၁.၄၂ ဧက ရှိပါတယ်။ နှစ် ၆၀ မြေငှားဂရန်နဲ့ ၆၉၆၁.၄၂ ဧက ကို ကြေးနီသတ္ထုတွင်းလုပ်ငန်းအမည်နဲ့ ရယူခဲ့တယ်လို့ သိရှိရတယ်။
အကျိုးအမြတ်ခွဲဝေမှုမှာ နိုင်ငံတော်က ၅၁%၊ သတ္ထုတူးဖော်တဲ့ကုမ္ပဏီတွေက ၄၉% ရရှိခဲ့တယ်။ (ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာ ထွက်ပေါ်လာပြီး နောက်ပိုင်းမှ တိုးတက်ရရှိလာခြင်းဖြစ်ပြီး အရင်ကတော့ နိုင်ငံတော်က ခိုင်ကြေးအနေနဲ့ ၄% သာရရှိခဲ့ တယ်) သတ္ထုတူးဖော်တဲ့ကုမ္ပဏီတွေဖက်ကိုကြည့်ရင် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပ ဏီနဲ့ မြန်မာဝမ်ပေါင်ကြေးနီမိုင်းကုမ္ပဏီဆိုပြီး စပ်တူလုပ်ကြတယ်။ အဲဒီမှာ ဦးပိုင်က ၁၉% နဲ့ ဝမ်ပေါင် ကုမ္ပဏီက ၃၀% စီ အကျိုးအမြတ်ခွဲဝေယူဖို့ သဘောတူထားခဲ့ကြတယ်။
တူးဖော်ရရှိလာတဲ့ ကြေးနီတစ်တန်ကို USD- ၆,၂၅၀ နဲ့ ကြေးဖြတ်တာမို့ ကြေးနီတစ်တန်ရဲ့ ဒီနေ့ပေါက်ဈေး USD ၈၇၁၄.၆၅ နဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ ဈေးကွက်မှာ မရောင်းရသေးခင် ကန်ဒေါ်လာ ၂,၀၀၀ ကျော် မြတ်နေပြီဖြစ်တယ်။ ကြေးနီတူးဖော်ထုတ်ယူမှုပမာဏဟာ လုပ်ငန်းစတင်ထုတ်ယူတဲ့ ၂၀၁၆ ခုနှစ်မှာ ၂၁,၄ ၇၆.၉၆၃ တန်၊ ၂၀၁၇ ခုနှစ် မှာ ၆၀,၀၆၅.၄၈၂ တန်၊ ၂၀၁၈ ခုနှစ်မှာ ၁၀၀,၂၁၉.၃၂၅ တန်၊ ၂၀၁၉ ခုနှစ်မှာ ဇန်နဝါရီ (၁)ရက်မှ ဒီဇင်ဘာ (၂၁) ရက်အထိ ၁၂၁,၅၇၀.၁၀၆ တန်ချိန် နှစ်စဉ်တိုးတက်ထုတ်ယူလာခဲ့ပြီး (၂၁. ၁၂.၂၀၁၉) ထိ ကြေးနီသတ္ထုစင်ထုတ်လုပ်မှုပေါင်း ၃၀၃,၃၃၁.၈၇၆ တန်ချိန်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံသယံဇာ တလေ့လာစောင့်ကြည့်ရေးအဖွဲ့ Citizen Action for Transparency (CafT) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရ ပါတယ်။
အနှစ်ချုပ်ရသော် ၂၀၁၉ ခုနှစ် ထုတ်ယူမှုမှာ တန်ချိန် ၁.၂ သိန်းကျော်ရှိခဲ့ပြီး (ကုမ္ပဏီ ဖြတ်ကြေးကြေးနီ တစ်တန် USD ၆၂၅၀ နှင့်တွက်ရင်) တစ်နှစ်အတွင်း USD ၇၅၉,၈၁၃, ၁၆၃ ခန့် (၇၅.၉ မီလီယံ USD)၊ တစ်ရက်ဝင်ငွေ အမေရိကန်ဒေါ်လာ နှစ်သန်းကျော် ရရှိခဲ့တာကို တွေ့ရပါတယ်။
ကြေးစင်တောင်နဲ့ စံပယ်တောင်တို့မှာ ကြေးနီထုတ်လုပ်နေတဲ့ မြန်မာယန်စီလုပ်ကွက်ကတော့ တစ်ရက်ကို အမေရိကန်ဒေါ်လာ ၁.၃ သန်းကျော် ရှာဖွေပေးနေတယ်လို့ သိရှိရပါတယ်။
စီမံကိန်းဝင်ရွာပေါင်း (၂၆) ရွာရှိနဲ့အနက် ဝက်မှေး၊ ကံတော၊ ဆည်တဲ၊ ဇီးတောစတဲ့ ရွာလေးရွာကတော့ ရွာ လုံးကျွတ်ရွှေ့ပြောင်းကြရပါတယ်။ ၂၀၂၀ ခုနှစ်အထိဝက်မှေးရွာက ၁၁၀ အိမ်မှာ ၈၄ အိမ်ရွှေ့ ပြောင်းရပြီး ၂၆ အိမ် ရွှေ့ပြောင်းရန် ကျန်ရှိနေပါသေးတယ်။
ကံတောရွာကတော့ ၉၇ အိမ်စလုံး ရွှေ့ပြောင်းပြီးဖြစ်တယ်။ ဆည်တည်းရွာက ၁၆၈ အိမ်မှာ ၁၀၂ အိမ်ရွှေ့ ပြောင်းရပြီး ၆၆ အိမ်ရွှေ့ပြောင်းရန် ကျန်ရှိနေပါသေးတယ်။ ဇီးတောရွာကတော့ ၆၆ အိမ်စလုံး ရွှေ့ပြောင်း ပြီးဖြစ်တယ်။
ဒါကြောင့် ရွာလေးရွာပေါင်း အိမ်ခြေ ၄၄၁ အိမ်မှာ ၃၄၉ အိမ်ရွှေ့ပြောင်းပြီး ၉၂ အိမ်ရွှေ့ပြောင်းရန် ကျန်ရှိနေ တယ်လို့ သိရပါတယ်။ စီမံကိန်းအတွက် မြေယာလျော်ကြေး (၃) ကြိမ်အဖြစ် ကျပ်ငွေသန်းထောင်ချီပေး အပ်ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်များအရသိရပေမယ့် ဒေသခံတွေကြားမှာတော့ သီးနှံလျော်ကြေးလား၊ မြေယာလျော်ကြေးလား၊ မြေယာထောက်ပံ့ကြေးလား အငြင်းပွားဖွယ်ဖြစ်နေသေးပါတယ်။
စီမံကိန်းဧရိယာထဲမှာပါဝင်နေတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ နှစ်ရှည်သီးနှံပင်တွေအတွက်လည်း လျော် ကြေးပေးပြီး ဖြစ်ကြောင်းသိရတယ်။
ဝန်ထမ်းတွေအနေနဲ့ ကြေးနီမိုင်းလုပ်ငန်းအတွင်း မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီမှ အရာထမ်း (၁၀) ဦး၊ အမှု ထမ်း (၁၇) ဦး ခန့်အပ်ထားပြီး မြန်မာဝမ်ပေါင်ကုမ္ပဏီမှ (၂. ၁. ၂၀၂၀) အထိ စုစုပေါင်းဝန်ထမ်း (၄,၀၁၁) ဦး မှာ မြန်မာနိုင်ငံသားဝန်ထမ်း (၃,၅၆၇) ဦးနဲ့ နိုင်ငံခြားသား (၄၄၄) ဦး ခန့်အပ်ထားတယ်။ မြန်မာဝန်ထမ်းတွေ ထဲမှာ ဒေသခံဖြစ်တဲ့ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်တွေက (၂,၅၀၀) ဦး ခန့်ထားတယ်လို့ တွေ့ရှိရပါ တယ်။
စစ်အာဏာသိမ်းခြင်းနဲ့ကြေးနီမိုင်း
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက် အာဏာသိမ်းမှုဖြစ်ပြီး တစ်ပတ်အတွင်း ကြေးနီမိုင်းဝန်ထမ်းအများစု ဟာ CDM ပြုလုပ်ပြီး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ ပါဝင်ကြတဲ့အတွက် ကြေးနီမိုင်းစီမံကိန်း တစ်ခုလုံး ရပ်တန့်လုနီးပါးဖြစ်ခဲ့ရတယ်။
လက်ရှိ လက်ပံတောင်းကြေးနီမိုင်းစီမံကိန်း ရပ်တန့်သွားသလား၊ ဆက်လက်လည်ပတ်သလားဆိုတဲ့ မေး ခွန်းဟာ သယံဇာတအရေး စိတ်ဝင်စားသူတွေ ကြားမှာ အမေးများတဲ့မေးခွန်းဖြစ်ပါတယ်။
ဒါပေမယ့်သတ္တုတွင်းရဲ့သဘောတရားကိုက စပြီးရင်ရပ်တန့်ပစ်လို့မလွယ်တဲ့ လုပ်ငန်းစဉ်တွေလည်းရှိတယ်။ ဥပမာ ပြန်လည်အသုံးပြုခြင်းလုပ်ငန်းစဉ် ဖြေရှင်းချက်လိုဟာမျိုးပါ။
ဒါကြောင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြေးနီမိုင်းလုပ်ငန်းလည်ပတ်မှုရပ်တန့်လား၊ လည်ပတ်လား ဆို ရင် အသစ်တူးဖော်မှု၊ ထုတ်လုပ်မှုအပိုင်းတွေ ရပ်တန့်သွားပြီး သတ္ထုသန့်စင်တဲ့ ပြန်လည်အသုံးပြုခြင်းလုပ် ငန်းစဉ်ကတော့ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လည်ပတ်နေတယ်လို့ နားလည်ရပါတယ်။
(ဒီနေရာမယ် မိမိမှာ သတ္တတွင်းလုပ်ငန်းစဉ်ကို ကျွမ်းကျင်သူမဟုတ်ကြောင်း ဝန်ခံပါတယ်။)
အာဏာသိမ်းကာလအတွင်းမှာ လက်ပံတောင်းကြေးနီမိုင်းလုပ်ငန်းခွင်အကြောင်း ဆဝါးကြည့်ရင် ၂၀၂၁ ခု နှစ်မှာ အပြင်ပိုင်းလုပ်ငန်းစဉ်တွေ အကုန်ရပ်တန့်တယ်။
၂၀၂၂ ခုနှစ်မှာ အကြမ်းဖက်စစ်တပ်နဲ့ အတွင်းကြိတ် ဆက်ဆံရေး တည်ဆောက်တယ်။
၂၀၂၃ ခုနှစ်မှာတော့ အကြမ်းဖက်စစ်တပ်ကို ပေါ်ပေါ်ထင်ထင်ထောက်ခံပြီး စီမံကိန်းနယ်မြေထဲမှာ အကြမ်း ဖက်တပ်သားတွေကို တပ်စွဲခွင့်ပြုတာ၊ အကြမ်းဖက်တပ်သားတွေကို ကုမ္ပဏီပိုင်ကားတွေနဲ့ အကြိုအပို့ လုပ်ပေးတာစတဲ့ အားပေးအားမြှောက်ပါလုပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
၂၀၂၄ ခုနှစ် နှစ်ဝက်လောက်မှာတော့ ကြေးနီမိုင်းကုမ္ပဏီအနေနဲ့ CDM လုပ်သားတွေကို အလုပ်ဆင်းဖို့ လိုက် လံခေါ်ဆောင်တဲ့ အခြေအနေပါဖြစ်လာပါပြီ။ ဒီလိုအခြေအနေမှာ လက်ပံတောင်းကြေးနီမိုင်းဝန်ထမ်းတွေ အနေနဲ့ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်သင့်၊ မဝင်ရောက်သင့်ဆိုတဲ့အပေါ် ချိန်ဆတွက်ချက်ရတာတွေ ရှိလာ ပါတယ်။
လုပ်ငန်းခွင်ပြန် ဝင်သင့်/မဝင်သင့်
လုပ်ငန်းခွင်ပြန် မဝင်သင့်လို့ လက်ခံသူတွေကတော့ မိမိတို့မှာ ဘာကိုမျှော်လင့်ပြီး CDM ပြုလုပ် လာကြ တာမဟုတ်၊ တစ်ကိုယ်ရည် အခက်အခဲ၊ အကြပ်အတည်းတွေရှိပေမယ့် တိုင်းပြည်ရဲ့ပြဿနာတွေနဲ့ နှိုင်း ယှဉ်လိုက်ရင် မပြောပလောက်လို့ စဉ်းစားကြတယ်။
လက်ပံတောင်းကြေးနီမိုင်းလုပ်ငန်းဟာ တရုတ်နိုင်ငံ စစ်လက်နက်ကုမ္ပဏီ နိုရင်ကိုရဲ့ လက်အောက်ခံ ဝမ် ပေါင်ကုမ္ပဏီနဲ့ စစ်တပ်ကုမ္ပဏီဦးပိုင်တို့က အကျိုးတူပူးပေါင်းလုပ်ဆောင်ကြတာဖြစ်ပြီး တစ်ရက်ကို ဒေါ် လာသန်းချီဝင်ငွေရရှိနေတာက စစ်တပ်အတွက် များစွာအကျိုးရှိစေတယ်။ တနည်းဆိုရရင် အလုပ်ပြန် ဆင်းတာဟာ စစ်တပ်ကို ဝင်ငွေများစွာဖြစ်ထွန်းစေလို့ ပြည်သူကိုသတ်မယ့် လက်နက်ခဲယမ်းတွေရရှိစေ ရေး လုပ်အားပေးနေသလို ဖြစ်နေတယ်လို့ ထောက်ပြကြတယ်။
ဒါကြောင့် စစ်ကောင်စီထောက်တိုင်ဖြစ်တဲ့ ကြေးနီမိုင်းလုပ်ငန်းကို လည်ပတ်လို့မရဘဲ အပြီးတိုင်ရပ်တန့် သွားအောင် ဘွိုင်းကောက်ဆက်လုပ်တဲ့အနေနဲ့ လုပ်ငန်းခွင်ပြန်လည် မဝင်ရောက်သင့်လို့ နှိုးဆော်ကြတာကို တွေ့ရတယ်။
လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်သင့်သည်ဆိုသူတွေကတော့ အချက်လေးချက်ကို ထောက်ပြကြတယ်။ ပထ မအချက်ကတော့ အပြီးမပြတ်သေးတဲ့ မြေယာလျော်ကြေးကိစ္စရပ်တွေပါ၊ ဒီလျော်ကြေးကိစ္စတွေဆက် လက်ဆောင်ရွက်နိုင်ဖို့ဆိုရင် လုပ်ငန်းလည်ပတ်ဖို့လိုပါတယ်။ မဟုတ်ရင် တောင်သူတွေခမျာ မြေလည်း သိမ်းခံရ၊ အလုပ်လည်းမရ၊ လျော်ကြေးကလည်း မရေရာဆိုတဲ့အခြေအနေကို ရင်ဆိုင်နေရတယ်လို့ဆိုကြ တယ်။
စာချုပ်အရ မြေငါးဧကသိမ်းယူခံရတဲ့ အိမ်ထောင်စုတစ်စုကို ကုမ္ပဏီတွင်း အလုပ်တစ်နေရာ၊ မြေ ၁၀ ဧက သိမ်းယူခံရတဲ့ အိမ်ထောင်စုတစ်စုကို ကုမ္ပဏီတွင်းအလုပ် နှစ်နေရာ ခန့်ထားပေးမယ်ဆိုတဲ့ သဘောတူညီ ချက်ရှိထားခဲ့တယ်။ ဒီလို ဆက်နွယ်ပတ်သက်နေတဲ့ လျော်ကြေးဆိုင်ရာကိစ္စရပ်တွေ ပြီးပြတ်အောင် ဆောင် ရွက်နိုင်ဖို့ဆိုရင် လုပ်ငန်းပြန်လည်လည်ပတ်ဖို့က အရေးကြီးနေပြီလို့ ထောက်ပြကြတယ်။
နောက်တစ်ချက်ကတော့ ပြည်သူက တော်လှန်ရေးကို ဘယ်လောက်ပင်ထောက်ခံအားပေးစေကာမူ လူထု ထောက်ကန်တောင့်ခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်၊ ဝန်ထမ်းတွေအလုပ်ပြန်မဆင်းရရင် သူတို့ရဲ့ဘဝ ရပ်တည်ရေးကို ဘယ်လိုတာဝန်ယူပေးမလဲ မေးခွန်းထုတ်ကြပါတယ်။
တတိယအချက်အနေနဲ့ စစ်ရေးအမြင်ဖက်ကကြည့်ရင် ကြေးနီမိုင်းလုပ်ငန်းခွင်ပြန်လည်ဝင်ရောက်တာက စီမံကိန်းအကြောင်း အတွင်းကျကျ သတင်းအချက်တွေရနိုင်သလို စီမံကိန်းနဲ့ဆက်စပ်နေတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ လှုပ်ရှားမှု သတင်းတွေလည်း အသေအချာရနိုင်တယ်လို့ တွက်ဆကြပါတယ်။
နောက်ဆုံးအချက်အနေနဲ့ကတော့ အလုပ်သမားအင်အား အကြောင်းပြောကြတယ်။ ဒေသခံတွေက လုပ် ငန်းခွင်ပြန်လည်ဝင်ရောက်တာမရှိရင် အခြား ဒေသက လုပ်သားတွေကိုခေါ်ယူပြီး လုပ်ငန်းကို ဖြစ်အောင် လည်ပတ်မဲ့ သဘောမျိုးရှိရာ မိမိတို့ဒေသခံတွေက လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ပြီး ကြေးနီမိုင်းလုပ်သား သမဂ္ဂလိုမျိုးဖွဲ့စည်းထားရှိပြီး စုစည်းအားနဲ့ ကုမ္ပဏီကို အရေးဆိုသင့်ကြောင်း ဆွေးနွေးကြတာ ရှိတယ်။
တခါ လုပ်ငန်းခွင်ပြန်မဝင်သင့်တဲ့ဘက်က အကယ်၍လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခဲ့လျှင် ဖြစ်ပေါ်လာနိုင် ခြေရှိတဲ့ရိုက်ခတ်မှုများကိုလည်း စိုးရိမ်ကြပါတယ်။
ပထမတစ်ခုက ဒေသခံတော်လှန်ရေး အင်အားစုများရဲ့အမြင်ပါ။ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခဲ့ရင် ဒေသ ခံတော်လှန်ရေးတပ်ဖွဲ့တွေက သူလျှို၊ ဒလန် တံဆိပ်ကပ်ခံရမဲ့အရေး တွေးပူကြပါတယ်။ တော်လှန်ရေးအင် အားစုတွေ အကွဲကွဲအပြားအပြား ဖြစ်နေတာကလည်း ဒီကိစ္စကို ပိုမိုရှုပ်ထွေးစေပါတယ်။
တကယ်လို့ တော်လှန်ရေးအင်အားစုတစ်စုကို ရံပုံငွေထည့်ဝင်ပြီး လုပ်ငန်းပြန်ဝင်ရင်တောင် ရံပုံငွေမရတဲ့ အဖွဲ့က သူလျှို၊ ဒလန်အဖြစ် တံဆိပ်ကပ်ခံရမဲ့အရေးက စိုးရိမ်စရာဖြစ်ပါတယ်။ နောက်တစ်ချက်က လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခဲ့ရင် လူမှုကွန်ရက်မီဒီယာတို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းသူအဖြစ် လူမှုရေးပြစ်ဒစ် လုပ်ခံရတာမျိုးကိုလည်း ချိန်ဆသင့်ကြောင်း ထောက်ပြကြတယ်။
ဒါလည်း စဉ်းစားရမယ့်အချက် ဖြစ်မယ်ထင်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ လုပ်ငန်းခွင်ဝင်ရောက် ရင် ဝင်ရောက်သူရဲ့လုံခြုံရေးအခြေအနေပါ။ ယခုချိန်မှာ စစ်တပ်က ဥပဒေမဲ့ထင်ရာဆိုင်း ဆောင်ရွက်နေတာ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်လာသူတွေကို ပေါ်တာဆွဲခြင်း၊ အဓမ္မစစ်မှုထမ်းစေခိုင်းတာတွေ ဆောင်ရွက် လာနိုင်ခြေရှိတဲ့ကိစ္စပဲ ဖြစ်ပါတယ်။
အနှစ်ချုပ်ရသော် စစ်ကိုင်းဒေသက ကြေးနီ၊ နီကယ်၊ ရွှေ၊ သစ်၊ ကချင်ဒေသမှ ကျောက်စိမ်း၊ မြေရှား၊ ရခိုင် ဒေသမှ ကမ်းလွန်ရေနံ၊ ဝ ဒေသမှ သံဖြူတို့ဟာ တရုတ်ကုမ္ပဏီတွေ အထူးစိတ်ဝင်စား၊ မျက်စိကျနေတဲ့ သဘာဝသယံဇာတတွေပဲ ဖြစ်ပါတယ်။
ဒီအထဲမှာ စစ်ကိုင်းတိုင်းဟာ ရခိုင်၊ ကချင်ပြီးရင် တတိယစိတ်ဝင်စားမှုအခံရဆုံးဒေသဖြစ်တယ်လို့ ပညာရှင် တွေက သုံးသပ်ကြပါတယ်။ တရုတ်ကုမ္ပဏီတွေအနေနဲ့ ကမ္ဘာတလွှား ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ စီး ပွားဖြစ် စီးပွားရှာတဲ့နေရာမှာ အင်မတန်နာမည်ကြီး ကြပါတယ်။
ဒါကြောင့် မြန်မာ့နွေဦးတော်လှန်ရေးကနေလည်း အကျိုးအမြတ်ရယူနိုင်ဖို့ ကြိုးစားလာပါလိမ့်မယ်။ ပြည်သူ တွေအနေနဲ့ တိုင်းပြည်ရဲ့အကျိုးကိုမျှော်ရည်ပြီး ဆင်ခြင်ချိန်ဆနိုင်ပါစေကြောင်း တင်ပြလိုက်ရပါတယ်။ ။
(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏အာဘော်သာဖြစ်သည်။)