ထွယ်
ဩဂုတ် ၂၁၊ ၂၀၂၄။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူလေတပ်စခန်းကို ယမန်နေ့ညတွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုံး ၇ လုံးဖြင့်ပစ်ခတ်ရာ ပစ်မှတ်တစ်ချို့ကိုထိမှန်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၂၀ ရက် ည ၁၂ နာရီဝန်းကျင်တွင် လေတပ်အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်မှတ် ၄ နေရာကို ထိမှန်ပေါက်ကွဲခဲ့သည်ဟု Brave Warriors for Myanmar (BWM) တာဝန်ရှိသူက ပြောသည်။
ထို့နောက် စစ်ကောင်စီတပ်မှ ဘေးပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
“ပစ်ပြီးပြီးချင်း ဒရုန်းနဲ့ဝဲပြီးကြည့်တော့ ည ၁ နာရီလောက်မှာ ၁၂၀ မမ ၂ လုံးရမ်းသမ်းပစ်တယ်။ နောက်ပိုင်းအခြေ အနေကတော့စုံစမ်းနေဆဲပါ” ဟု ၎င်းက ဆိုသည်။
ယင်းလေတပ်စခန်းသည် ၎င်းတို့ဆုံးရှုံးထားသည့် တိုင်းရင်းသားနယ်မြေများရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိခြင်းကြောင့် ယခုလို တန်ပြန် တိုက်ခိုက်ရခြင်းဖြစ်သည်ဟု BWM အဖွဲ့က ဆိုထားသည်။
ယခု စစ်ဆင်ရေးတွင် BWM အဖွဲ့နှင့်အတူ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်များအဖွဲ့နှင့် Mercury Revolution Force (MRF) အဖွဲ့တို့ပါဝင်သည်။
Brave Warriors for Myanmar (BWM) အဖွဲ့သည် ယခုနှစ်အတွင်း တောင်ငူလေတပ်စခန်းအပါအဝင် တံတားဦးလေတပ်စခန်းနှင့် နေပြည်တော်အေလာ လေတပ်စခန်းတို့ကို သွားရောက်ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ယခုတောင်ငူလေတပ်စခန်းကိုမူ ယခုနှစ်အတွင်း သုံးကြိမ်မြောက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု Brave Warriors for Myanmar (BWM) အဖွဲ့၏ တာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။
ပုံစာ – ယခုနှစ် မတ်လ ၁၄ ရက်နေ့က Mountain Knights – Civilian Defense Force (MKCDF) အဖွဲ့ဝင်များ တောင်ငူလေတပ်ကို သွားရောက်ပစ်ခတ်စဉ်။