သံလွင်ခက်
ဩဂုတ် ၁၇၊၂၀၂၄။
ရခိုင်ပြည်နယ် ၊ မောင်တောမြို့သိမ်းတိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေရသော မောင်တောမြို့ရှိ ဒေသခံနှင့် အနီးဝန်းကျင်ရှိ ဒေသခံများတွင် ဝမ်းပျက်၊ဝမ်းလျှောရောဂါဖြစ်ပွားနေသည့်အတွက် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေသည်ဟု အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။
မောင်တောမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည့်အတွက် မြို့အတွင်းပိတ်မိနေကြသော ဒေသခံများနှင့် စစ်ပွဲနှင့် နီးစပ်သည့်နေရာမှ ဒေသခံများအား အာရက္ခတပ်တော်က ဘေးကင်းရာသို့ ရွှေ့ပြောင်းနေရာချထားပြီး လက်တလောတွင် စစ်ဘေးရှောင်အရေအတွက် (၂၀၀၀၀)နီးပါး ရှိလာသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိုးတွင်းကာလ ရေကြီးမှုဒဏ်ကို ခံခဲ့ရသော အဆိုပါစစ်ဘေးရှောင်များသည် မသန့်စင်သည့် သောက်သုံးရေများကို သောက်မိခြင်းကြောင့် ဝမ်းပျက်၊ ဝမ်းလျှောခြင်း ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး သေဆုံးသူ (၅)ဦးအထိ ရှိခဲ့ပြီဟု ဆိုသည်။
အာရက္ခတပ်တော်သည် စစ်ဘေး၊ ရေဘေးဒဏ်ခံစားနေရသော အဆိုပါ စစ်ဘေးရှောင်များကို ကျန်းမာရေးစောင့်ရှောက်သည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝမ်းပျက်၊ဝမ်းလျှောရောဂါနှင့် သက်ဆိုင်သော ဆေးဝါးများအပြင် အထွေထွေရောဂါများအတွက် ဆေးဝါးဆိုင်ရာ အကူအညီများ လိုအပ်မှုရှိနေခြင်းဖြစ်သည်။