ခင်သရဖီဦး
သြဂုတ် ၆ ၊ ၂၀၂၄။
ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် တိုက်ပွဲများနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ဆန်များ အလုအယက်ဝယ်ယူနေကြရသဖြင့် ဆန်စျေး ၁၀ နီးပါးခန့်မြင့်တက်နေသည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် မေလမတိုင်ခင်က ဆန်တစ်အိတ်လျှင် ငွေကျပ် ၇၀,၀၀၀ အထိရှိခဲ့ပြီး ယခုမှာ ဆန်တစ်အိတ်လျှင် ငွေကျပ် ၆ သိန်းခွဲအထိ ဈေးမြင့်တက်လျက်ရှိသည်။
“ဆန်တွေကို ပိုက်ဆံရှိနေတဲ့လူတွေက အလုအယှက်တွေဝယ်ကြတာပေါ့။ အဲဒီကနေ တစ်ဆကနေ ဆယ်ဆလောက်ကို မြင့်တက်သွားတာပါ။ အခုက တခြားကလာတဲ့ ဆန်တွေလည်းမရှိဘူး။ မြို့ထဲပိတ်မိသလိုဖြစ်ပြီး ဆန်ဝယ်ရတာလည်း ခက်ခဲတာပေါ့” ဟု မောင်တောမြို့ခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
လက်ရှိတွင် စစ်ရေးပြင်းထန်နေသဖြင့် အလုပ်အကိုင်ရှားပါးမှုများနှင့် ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ကို ဒေသခံများ ခါးစီးခံနေကြရသည်ဟု ၎င်းက ဆက်ပြောသည်။
“ဒီမှာက အလုပ်အကိုင်လည် လုပ်လို့အဆင်မပြေဘူး။ လက်ထဲမှာ ငွေတွေကလည်း ပြတ်နေပြီ။ နောက်ဆို ဒီစျေးအခြေအနေနဲ့က ထမင်းတစ်ခုပဲ စားရဖို့တောင် ခက်ခဲနေပြီ” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇွန် ၁၆ ရက်နေ့မှစ၍ မောင်တောမြို့သိမ်းတိုက်ပွဲဖော်ဆောင်ရန် AA က ဒေသခံများအား မြို့ထဲမှထွက်ခွာရန် သတိပေးထားသည်။
ထို့နောက် မြို့ခံအများအပြားသည် မြို့ကိုစွန့်ခွာခဲ့ရပြီး အခြေခံလူတန်းစားများ နှင့် လက်လုပ်လက်စားများမှာ မြို့ထဲတွင် ကျန်ရှိနေပြီး စားဝတ်နေရေးကျပ်တည်းနေကြသည်ဟု ဒေသခံများထံက သိရသည်။
လက်ရှိ မောင်တောမြို့ထဲတွင် စစ်ကောင်စီတပ်သည် ၎င်းတို့ခေါ်ယူသင်တန်းပေးထားသည့် ရိုဟင်ဂျာများအပါအဝင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ARSA၊ ARA၊ RSO တို့ဖြင့် ပူးပေါင်းကာ ကင်းပုန်းနေရာယူထားလျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
AA အနေဖြင့် မောင်တောတွင် စစ်ကောင်စီစခန်းအားလုံးကိုသိမ်းပိုက်ထားပြီး နောက်ဆုံးကျန်ရှိနေသည့် နခခ (၅ ) စ ခန်းအား ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေသည်။
ပုံစာ – ပြီးခဲ့တဲ့ ဇွန်လက စစ်ကောင်စီမှ မောင်တောဒေသခံတချို့ကို ဆန်ထောက်ပံ့နေစဉ်