ယမင်းဖူးပွင့်အောင်
ဩဂုတ် ၇၊ ၂၀၂၄။
စစ်ကောင်စီလက်အောက်ခံ တပ်မှူးတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့များထံ အမြန်ဆုံးခိုလှုံပြီး ပြည်သူ့ဘက်ကရပ်တည်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန- MOD က ထပ်မံ တိုက်တွန်းလိုက်သည်။
“စစ်အာဏာရှင်ခိုင်းသမျှ မျက်ကန်းတစ္ဆေမကြောက် နာခံနေခြင်းဟာ ခင်ဗျားတို့အသက်တွေ၊ ဘဝတွေအချီးနှီးပျက်စီး မှုနဲ့ပဲ လမ်းဆုံးလိမ့်မယ်ဆိုတာ သတိချပ်စေလိုတယ်။ ဒါကြောင့် အချိန်မှီပြည်သူဘက်က ရပ်တည်ပါ။ပြည်သူ့အစိုးရနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေကို နာခံပါ။ အချိန်မနှောင်းခင် ခင်ဗျားတို့ရပ်တည်ချက်ကို ပြောင်းလဲပါလို့ တိုက်တွန်းလိုတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီ၏နောက်ဆုံးနေ့သို့ ရောက်ရှိနေပြီး ပြည်ထောင်စုမပြိုကွဲအောင် အမှန်တကယ်တာဝန်ယူစောင့်ရှောက်နိုင်မည့်သူ၊ တာဝန်ယူစောင့်ရှောက်နေသူသည် ပြည်သူ့အစိုးရနှင့် ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းများသာဖြစ်သည်ဟု ဝန်ကြီးဆက်ပြောသည်။
“ပြည်သူကိုလေးစားပြီး ခေတ်စနစ်ပြောင်းလဲရေးကို လက်ခံတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူကလက် ကမ်းကြိုဆိုနေလိမ့်မယ်။ ခင်ဗျားတို့ကိုယ်တိုင် သမိုင်းသစ်ရေးသူတွေထဲအပါအဝင်ဖြစ်လာလိမ့်မယ်။ ခင်ဗျားတို့ အမြင်မှန်ရရင် ခင်ဗျားတို့အတွက် အနာဂတ်ရှိတယ်ဆိုတာ အသိပေးလိုပါတယ်” ဟု ၎င်းက ဆိုသည်။
၁၀၂၇ စစ်ဆင်ရေးပထမကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေးက ဖမ်းဆီးရမိသည့် ဒုဗိုလ်မှူးကြီး သက်အောင်အပါအဝင် စစ်သုံ့ပန်းများသည် တော်လှန်ရေးတပ်ဖွဲ့များထံရောက်ရှိချိန်တွင် အသက်အန္တရယ်ကင်းပြီဟု စိတ်ဒုံးဒုံးချကာ စိတ်လက်ပေါ့ပါးသွားကြသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် တပ်ရင်းတပ်ဖွဲ့လိုက်ဖြစ်စေ၊ တပ်မ၊ စကခ၊ ဒကစ အလိုက်ဖြစ်စေ၊ စစ်တိုင်းဌာနချုပ်အလိုက်ဖြစ်စေ ပြည် သူ့အစိုးရ NUGနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေထံ အမြန်ဆုံးဆက်သွယ်ရန်နှင့် ဝန်ကြီးဦးရည်မွန်ထံသို့လည်း တိုက် ရိုက်ဆက်သွယ်နိုင်သည်ဟု ဆိုထားသည်။
ပုံစာ – နယ်လှည့်နေသည့် NUG- ကာဝန်