ဘုန်းမောင် (ဘာသာပြန်ဆောင်းပါး)
ဇူလိုင် ၂၂၊ ၂၀၂၄
မြန်မာပြည်သူများက မြန်မာတပ်မတော်ကို ဆယ်စုနှစ်များစွာကြာအောင်ဝေဖန်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် အစောပိုင်း အာဏာသိမ်းပြီးချိန်ကစပြီး ပြည်သူတို့၏မြန်မာတပ်မတော်အပေါ်အမြင်များက အရေးကြီးသောနည်းလမ်းများဖြင့် ပြောင်းလဲသွားခဲ့သည်။
လက်ရှိဖြစ်ပေါ်နေသော မြန်မာတပ်မတော်၏ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်သည့် ပြည်သူတို့၏သဘောထား အမြင်များရယူခြင်းတွင် တပ်မတော်အပေါ် အရပ်သားများထားရှိသောသဘောထားအမှန်ကို ဖမ်းဆုပ်မိနိုင်ရန် “ပြစ် တင်ဝေဖန်ခြင်း” သို့မဟုတ် “မုန်းတီးခြင်း” ကဲ့သို့သောစကားလုံးများကို ကျော်လွန်ရွေ့လျားနိုင်ဖို့လိုအပ်သည်။
မြန်မာယဥ်ကျေးမှုတွင် “ကြိုက်ခြင်း” မှသည် “မုန်းခြင်း” အထိ မိမိတို့ခံစားချက်ကိုဖော်ပြရန်အသုံးပြုသော စကားလုံး ပေါင်းများစွာ ရှိနေပါသည်။
သို့သော် ဤနေရာတွင် စာဖတ်သူများအာရုံစိုက်နိုင်ရန် တိုက်တွန်းလိုသော မြန်မာစကားလုံး နှစ်လုံးရှိနေပါသေးသည်။ နဂိုလုပ်ရပ်များကြောင့် အထင်သေးခံရပြီးသားအဖွဲ့အစည်းကို ပိုပြီးအထင်သေးခံရသောအဖွဲ့အစည်းအဖြစ်သို့ ကျဆင်း သွားစေပုံကို ဤစကားလုံး နှစ်ရပ်က ဖော်ပြနေပါသည်။
ပထမစကားလုံးမှာ “ကြောက်စရာ” ဟူသောစကားလုံးဖြစ်သည်။
တပ်မတော်သည် ၁၉၈၈ ခုနှစ်ကာလများအတွင်း အကြောက်တရားဖြင့် မြန်မာနိုင်ငံကိုဗဟိုပြုအုပ်ချုပ်ခဲ့ပြီး တိုင်းရင်း သားလူနည်းစုများများပြားလှသော နယ်စပ်ဒေသများမှာတော့ ၁၉၆၂ ခုနှစ်ကစပြီး ထိုကဲ့သို့ဆောင်ရွက်ခဲ့သည်။
၁၉၉၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရေးသားခဲ့သော “ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်း” စာအုပ်တွင် ဤအ ကြောင်းကို ပြောထားသည်။ တပ်မတော်၏ဖိနှိပ်မှုများကို မကြောက်ကြရန် ပြည်သူများကို ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့သည်။
ဒဿနိကဗေဒအမြင်ဖြင့်လည်း သူမက “သူတို့အာဏာလက်လွှတ်ရမှာကြောက်တဲ့အတွက် လူထုကိုအကြောက်တရား နဲ့လှုံဆော်ပေးထားတာဖြစ်သည်။ ဒါကြောင့်လည်း အကြောက်တရားနဲ့လှုံဆော်ထားသူတွေကို အနာဂတ်မှာမကြောက် နဲ့” ရှင်းပြခဲ့ဖူးသည်။
၁၉၉၀ ပြည့်လွန်နှစ်များအတွင်းက နိုင်ငံရေးအကျဥ်းသားဖြစ်ခဲ့ပြီး ပြန်လွတ်လာခဲ့ပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်အာဏာ သိမ်းမှုကာလအထိ တပ်မတော်ကိုဆန့်ကျင်ဖို့ ဖွဲ့စည်းထားသောပါတီကို ဦးဆောင်ခဲ့သူအနေဖြင့် တခါတရံစစ်တပ်နှင့်ပူး ပေါင်းဆောင်ရွက်ခဲ့မှုများရှိသော်လည်း သူမအနေဖြင့် တပ်မတော်ကို ကောင်းကောင်းနားလည်သူ တစ်ယောက်ဖြစ်ခဲ့ သည်။
လက်ရှိ တပ်မတော်ပုံရိပ်နှင့်သက်ဆိုင်သော ဒုတိယစကားမှာ “ရွံစရာ” ဖြစ်သည်။ ထိုစကားလုံးက မုန်းတီးခြင်းထက် ကျော်လွန်သောခံစားချက်ကိုဖော်ပြသည်။ ကြောက်စရာမဟုတ်၊ ရွံရှာခြင်းနှင့် ပြင်းထန်စက်ဆုပ်ခြင်း၏အဓိပ္ပါယ်ကို ဖော်ပြသည်။
မြန်မာများက တစ်ခုခုကို ရွံစရာဟုသတ်မှတ်သော်လည်း ယင်းစကားလုံး၏မူလဇစ်မြစ်ကို ဂရုမစိုက်တော့ပါ။ ယင်း စကား လုံး၏မူလဇစ်မြစ်ကို ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးကတည်းကဆောင်ရွက်ခဲ့သော မြန်မာတပ်မတော်၏အခြေ အနေက ဖမ်းဆုပ်ပြနိုင်သည်။ နိုင်ငံတွင်းသတင်းများ၏ဖော်ပြချက်အရ အာဏာသိမ်းမှုကို ဆန့်ကျင်ပါက အသက်အန္တ ရာယ်ရှိနိုင်သည်ဟု စိုးရိမ်ကြောင်းကောင်းစွာသိလျက်ဖြင့်ပင် မြန်မာပြည်သူများဆန့်ကျင်နေကြခြင်းကိုကြည့်၍ သိနိုင်ပါသည်။
လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု သို့မဟုတ် အရာတစ်ခုခုက ရွံစရာအဖြစ်သို့ရောက်ရှိသွားသည်ဟု ယူဆခံရပါက မြန်မာလူမျိုးများက ထိုလူကိုမုန်းတီးသွားသည်မျိုးမဟုတ်။ ရွံစရာ၏အဓိပ္ပါယ်မှာ တန်ဖိုးမရှိသောအဖြစ်ကြောင့် လစ် လျူရှုခံရမည်။ လူအများက သူတို့မှတ်ဉာဏ်ထဲမက ထုတ်ဖယ်ပစ်ဖို့ကြိုးစားမည်။
ရိုသေထိုက်သောသဘောမရှိသူ၊ ကျင့်ဝတ် သို့မဟုတ် ကိုယ်ကျင့်တရားဆိုင်ရာဂုဏ်သိက္ခာမရှိသူ၊ လူ့လောက သို့မ ဟုတ် လူ့သဘာတွင် တန်ဖိုးမရှိသူဖြစ်သည်။ ကလီရှေးကျသောမြန်မာစကားဖြင့်ဆိုရလျှင် လောက်ကောင် (ယင် ကောင်) ပုပ်နေသော မစင်ထက် အဆတစ်ထောင်ဆိုးသူဖြစ်သည်။
တပ်မတော်နှင့်ပတ်သက်ပြီး အကြောက်တရားကနေ ရွံရှာစရာအဖြစ် မည်သည့်အတွက်ကြောင့် ပြောင်းလာရသနည်း။ အကယ်၍တရားမျှတမှုမရှိသော အဖွဲ့အစည်းတစ်ခုခုကို ကြောက်စရာအဖြစ်ယူဆထားပါက ယင်းအဖွဲ့အစည်းတွင် တရားမမျှတမှုများ၊ မနှစ်သက်စရာများရှိနေသည့်တိုင် ၎င်းအဖွဲ့အစည်းမှာ ကိန်းအောင်းနေသော ပကတိတန်ဖိုးတစ်ခု ခုရှိနေသေးသည်ဟု မြန်မာများကမှတ်ယူကြစဲဖြစ်သည်။ တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးသူများကိုပင်လျှင်ပြောင်း လဲနိုင်ချေရှိသည်ဟု မျှော်လင့်ခဲ့ကြသည်။
သို့သော် တစ်စုံတစ်ရာအား ရွံရှာစက်ဆုပ်စရာအဖြစ်ယူဆလိုက်သည့်အချိန်မှာတော့ ၎င်းတွင် ကိန်းအောင်းနေနိုင်သော ပကတိတန်ဖိုးကို တိုင်းတာမည့်ပေတံကို မြန်မာတို့ရှာမတွေ့တော့ပေ။ အကြောက်တရားကို မွေးထုတ်ပေးနေသော အဖွဲ့ အစည်းအဖြစ်မှ ပိုမိုကောင်းမွန်သည့်ယုံကြည်စိတ်ချရသောအဖွဲ့အစည်းအဖြစ် မြန်မာတပ်မတော်ကို မည်ကဲ့သို့ပြောင်း လဲမည်နည်းဟု မြန်မာတို့က ဆက်လက်မဆွေးနွေးလိုတော့ပေ။ ထို့အတူပင် တပ်မတော်ကို ပြုပြင်ပြောင်းလဲလိုသော စိတ်လည်းမရှိကြတော့ဘဲ လုံးဝကိုသာဖယ်ရှားပစ်ချင်လာကြတော့သည်။
အာဏာသိမ်းပြီးနောက် တပ်မတော်၏ရက်စက်သောဖြိုခွဲမှုများနှင့်ရင်ဆိုင်ရသောမြန်မာဆန္ဒပြပြည်သူများ အထူးသ ဖြင့် ဂျန်ဇီများက ကြောက်ရွံ့မှုလုံးဝမရှိဘဲ ရင်ဆိုင်ခဲ့ကြသည်ကို မြင်တွေ့ချိန်မှာတော့ တကမ္ဘာလုံးအံ့အားသင့်သွားကြ တော့သည်။ ဘာ့အတွက်ကြောင့် မြန်မာတွေမှာကြောက်စိတ်ကင်းမဲ့လာရသနည်းဆိုသောအကြောင်းရင်း တစ်ရပ်က တော့ တပ်မတော်ကို ရွံစရာဟု မြန်မာပြည်သူများက မှတ်ယူလာခဲ့သည့်အချက်ဖြစ်သည်။
၂၀၂၂ ခုနှစ် မတ်လအကုန်အထိ မြန်မာပြည်တွင်းနှင့်နယ်စပ်ဒေသရှိလွတ်လပ်သောသတင်းအဖွဲ့အစည်းများနှင့် NGO အဖွဲ့အစည်းများအဆိုအရ မြန်မာစစ်တပ်ကကျေးရွာများ၊ မြို့များရှိနေအိမ်များကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် လူပေါင်း ၁,၇၃၅ ဦးကိုသတ်ဖြတ်ခဲ့ပြီး ၁၃,၁၇၁ ဦးကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။
လွတ်လပ်သော သတင်းအချက်အလက်ရှာဖွေရေးအဖွဲ့တစ်ခုမှ အစီရင်ခံတင်ပြထားသည်ကတော့ တပ်မတော်က တည်နေရာ ၂၂၂ နေရာရှိ နေအိမ်ပေါင်း ၇,၉၇၃ လုံးကိုမီးရှို့ဖျက်ဆီးခဲ့သည်ဟုဆိုသည်။ ယင်းအနက် အိမ်ပေါင်း ၄,၉၅၄ လုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအများဆုံးလှုပ်ရှားရာဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ နေအိမ် များဖြစ်သည်ဟု ထုတ်ပြန်ချက်အရသိရသည်။ (ယခင်စာရင်းဟောင်းဖြစ်ပါသည်-ဘာသာပြန်သူ)
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာတွင်တင်ပြထားသည်မှာ “မြန်မာနိုင်ငံသည် ကြီးမားသောအတိုင်းအ တာရှိသည့် အကြမ်းဖက်မှုများနှင့်ရင်ဆိုင်နေရကြောင်း၊ တပ်မတော်ကအာဏာသိမ်းပြီးနောက်ပိုင်း မတရားဖမ်းဆီး ခြင်း၊ ငြိမ်းချမ်းစွာဆန္ဒပြသူများကို မလိုအပ်သောအင်အားအလွန်အကျွံသုံးပြီး နှိမ်နင်းခြင်း၊ တရားလက်လွတ်သတ် ဖြတ်ခြင်း၊ ထိန်း သိမ်းထားစဥ်အတွင်း မတရားနှိပ်စက်ညှဥ်းပန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း” ဖြင့်ဖော်ပြထားသည်။
အာဏာသိမ်းပြီးနောက်ပိုင်း တပ်မတော်၏စစ်ရေးလှုပ်ရှားမှုအမျိုးမျိုးကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူပေါင်း ၂ သန်းနီး ပါးရှိမည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း တရားလက်လွတ်ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ကျေးရွာများကို ဗုံးကြဲ တိုက်ခိုက်ခြင်း၊ မီးရှို့ခြင်းများကြောင့် ရွံစရာဟူသောဂုဏ်ပုဒ်ကိုရရှိခဲ့ပုံပေါ်သည်။ သို့သော်လည်း လူနည်းစုတိုင်းရင်း သားအများစုအတွက်ကတော့မူ ၁၉၈၈ မတိုင်ခင်ဆယ်စုနှစ်များစွာကတည်းက တပ်မတော်က ရွံစရာဂုဏ်ပုဒ်ရရှိထား ပြီးဖြစ်သည်ဟု စောဒကတက်နိုင်ပါသည်။
ထို့ကြောင့် မင်းအောင်လှိုင်လက်ထက်ရောက်မှ တပ်မတော်အပေါ်မြန်မာတို့အမြင်များ ယခုကဲ့သို့လျင်မြန်စွာ ဘာ့ ကြောင့်ပြောင်းလဲသွားရသနည်းဆိုသည်ကို နားလည်ရန်အရေးကြီးပါသည်။
မင်းအောင်လှိုင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသောအခါကစပြီး တပ်မတော်ပုံရိပ်ကိုပြောင်းလဲသွားစေသော အဓိက အရေးကြီးသောဖြစ်ရပ်ကြီး သုံးခုရှိပါသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရကျင်းပခဲ့သော ပထမဆုံးရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်တွင်ကျင်းပခဲ့ပြီး ဒီမိုကရေစီ အသွင်ပြောင်းချိန်စတင်သည်နှင့် တစ်ချိန်တည်းမှာပင် မင်းအောင်လှိုင်က တပ်မတော်အကြီးအကဲဖြစ်လာခဲ့သည်။
၎င်းရွေးကောက်ပွဲတွင် တပ်မတော်ကကျောထောက် နောက်ခံပြုထားသောပြည်ခိုင်ဖြိုးကပါတီကအနိုင်ရရှိခဲ့ပြီး အဆို ပါရွေးကောက်ပွဲက “တရားမျှတမှုမရှိသောရွေးကောက်ပွဲဖြစ်ကြောင်း၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိ ကြောင်း” အမေရိကန်က ပြောဆိုခဲ့သည်။
ရွေးကောက်ခံရသောအစိုးရတက်လာသောအချိန်မှာတော့ ယခင်အာဏာရှင်ဟောင်းသန်းရွှေက တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရာထူးမှအနားယူခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအာဏာသိမ်းမှုကို ဦးဆောင်ခဲ့သော မင်းအောင်လှိုင်အား ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရာထူးတိုးမြှင့်ပေးခဲ့သည်။
မင်းအောင်လှိုင်လက်ထက် တပ်မတော်ပုံရိပ်ကို ထိခိုက်စေခဲ့သောဖြစ်ရပ်က ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် စစ် ကိုင်းတိုင်းဒေသကြီး၊ လက်ပံတောင်းတောင်ကြေးနီသသတ္တုတွင်းဆန္ဒပြပွဲကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၏နှိမ်နင်းမှုဖြစ်သည်။ တရုတ်အစိုးရပိုင်ဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာစစ်တပ်ပိုင်ဦးပိုင်ကုမ္ပဏီတို့က ဒေသခံများပိုင်ဆိုင်သောမြေယာများကို လျော်ကြေးမပေးဘဲ သိမ်းယူခဲ့သည့်အတွက် ဒေသခံများကသပိတ်မှောက်ခဲ့ကြသည်။
တံခါးဖွင့်ဝါဒစတင်ကျင့်သုံးချိန်တွင် မြေယာအခွင့်အရေးမှာ အဓိကပြဿနာတစ်ရပ်ဖြစ်လာခြင်းနှင့် ၂၀၁၁ ခုနှစ်တွင် အစိုးရက ရပ်ဆိုင်းခဲ့သောမြစ်ဆုံစီမံကိန်းကဲ့သို့ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများအား ပြည်တွင်းဆန့်ကျင်မှုအောင်မြင် လာခြင်းကို အကြောင်းရင်းခံပြီး အဆိုပါလက်ပံတောင်းတောင်ဖြစ်ရပ်ကို မြန်မာမီဒီယာများက အကျယ်တဝင့်ဖြင့် ဖော် ပြရေးသားခဲ့ကြသည်။
လက်ပံတောင်းတောင်ဆန္ဒပြပွဲများကတော့ အကြမ်းဖက်နှိမ်နင်းခံခဲ့ရသည်။ ရဲတပ်ဖွဲ့ဝင်များကဆန္ဒပြသူများအား မီးလောင်ဗုံးအား ဓာတုလက်နက်အဖြစ်အသုံးပြုခဲ့ကြောင်း လွတ်လပ်သောရှေ့နေများအဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့သည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏အဆိုအရ “လူပေါင်း ၁၁၀ မှ ၁၅၀ အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အချို့ကတော့ ဆိုးဆိုးရွားရွားမီးလောင် ကျွမ်းခံခဲ့ရပြီး ဘဝတစ်သက်တာ မသန်စွမ်းဘဝရောက်ခဲ့ရသည်” ဟု သိရသည်။
ဤဖြစ်ရပ်က မင်းအောင်လှိုင်၏ဆန္ဒပြမှုများကိုကိုင်တွယ်ရာတွင် ပထမဆုံးစမ်းသပ်မှုဖြစ်သည်။ နောက်ပိုင်း ဒေါ် အောင်ဆန်းစုကြည်ဦးဆောင်သော စုံစမ်းရေးကော်မရှင်အဖွဲ့က ရဲတပ်ဖွဲ့ဝင်များ၏နှိမ်နင်းမှုနှင့်ပတ်သက်ပြီး မည့်သည့် ပြစ်တင်ဝေဖန်မှုမျိုးကိုမျှ အစီရင်ခံတင်ပြခဲ့ခြင်းမရှိပေ။
ဒုတိယဖြစ်ရပ်မှာ မြန်မာနိုင်ငံရှိရိုဟင်ဂျာမွတ်ဆလင်များအပေါ် ကြောက်မက်ဖွယ်စစ်ဆင်ရေးဆင်နွှဲမှုဖြစ်သည်။ ၂၀၁၂ ခုနှစ် ဇွန်လ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောလူမျိုးရေးအကြမ်းဖက်မှုများဖြစ်ပွားခဲ့ခြင်း၏မျိုးစေ့ကပဋိပက္ခများကို စ တင်ခဲ့သည်။
ယင်းမှတစ်ဆင့် ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိမွတ်ဆလင်များအပေါ် အကြမ်းဖက်မှုများ နိုင်ငံတစ်ဝှမ်းကူးစက်ဖြစ် ပွားခဲ့သည်။ ထိုမှတစ်ဆင့်နောက်ဆုံးတွင် ၂၀၁၆ နှင့် ၂၀၁၇ အကြား ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများဖြစ်ပေါ်လာတော့သည်။ ထိုအကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်ဆလင်ရိုဟင်ဂျာ ၁ သန်းခန့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်သို့လည်းကောင်း၊ အချို့က ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနိုင် ငံများသို့ လည်းကောင်း လှေများဖြင့်အသီးသီးထွက်ပြေးခဲ့ကြရသည်။
တပ်မတော်က ကျေးရွာများကို မီးရသဖြင့် ထွက်ပြေးနေကြရသော မွတ်ဆလင်ရိုဟင်ဂျာများ၏ပုံရိပ်များကို ကမ္ဘာ့မီဒီ ယာများက ဖော်ပြခဲ့ကြသည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၁ ရက်က ကျင်းပခဲ့သော UNHCR အစည်းအဝေးတွင် ကုလ သမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဇိတ်ရာအယ်လ်ဟူစိန်က တပ်မတော်၏အကြမ်းဖက်မှုများက “လူမျိုးသုဥ်း သတ်ဖြတ်မှုဆိုင်ရာ စံနမူနာပြတစ်ခု” ဖြစ်ကြောင်းပြောကြားခဲ့သည်။
နောက်ပိုင်းတွင် ဂမ်ဘီယာအစိုးရက မြန်မာနိုင်ငံအား လူမျိုးသုဥ်းသတ်ဖြတ်မှုကွန်ဗေးရှင်းတွင်ထားသော အားလုံးနှင့် သက်ဆိုင်သည့်ဝတ္တရားများကိုအခြေခံပြီး အပြည်ပြည်ဆိုင်ရာတရားရုံးတွင် အမှုဖွင့်လှစ်ခဲ့သည်။ ဤတစ်ကြိမ်တွင် လည်း ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို အကာအကွယ်ပေးခဲ့သည်။
သမိုင်းကြောင်းချီနေပြီဖြစ်သော လက်နက်ကိုင်ပဋိပက္ခများအတွင်း အာရက္ခတပ်တော် – AA နှင့် အာဆာ – ARSA တို့ အပေါ် တပ်မတော်၏တိုက်ခိုက်မှုများကြောင့် မွတ်ဆလင်ရိုဟင်ဂျာအပါအဝင်လူအုပ်စုအများအပြား ထွက်ပြေးခဲ့ရမှု နှင့်ပတ်သက်ပြီး ရှင်းပြနိုင်ရန်ကြိုးပမ်းခဲ့သည်။
နောက် ၃ နှစ်အကြာ ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်တွင် အမေရိကန်ပြည်ထောင်စုက မွတ်ဆလင်ရိုဟင်ဂျာအရေးကို မြန်မာ့တပ်မတော်၏လူမျိုးသုဥ်းသတ်ဖြတ်မှုအဖြစ်သတ်မှတ်ခဲ့သည်။ အကယ်၍မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှု သာရပ်ဆိုင်းမသွားခဲ့ပါက အမေရိကန်က ယခုကဲ့သို့မှတ်ချက်ပေး သတ်မှတ်မည်မဟုတ်ပေ။
သမိုင်းလမ်းကြောင်းပြောင်းပြီး နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲအနိုင်ရအမတ်များဖြင့် လွှတ်တော်ခေါ်ယူကျင်းပခွင့်ရရှိ ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအဆိုပြုပြင်ဆင်ချက် ၁၁၄ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်၍ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဆက်လက်ဖြစ်ပေါ်နေခဲ့လျှင်လည်း လူမျိူးသုဥ်းသတ်ဖြတ်မှုသတ်မှတ်ခံရသောဖြစ်စဥ်မျိုးက ရှိလာ မည်လည်းမဟုတ်ပေ။ အမေရိကန်နှင့် ကမ္ဘာ့နိုင်ငံအများစုကလည်း ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပင် တပ်မတော်၏အ ကြမ်းဖက်မှုများအပေါ် ကျေနပ်လက်ခံပြီး ဆက်လက်ရေငုံနှုတ်ပိတ်နေသွားကြဖွယ်ရှိသည်။
ယင်းအစား မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက် နံနက် ၃ နာရီအချိန်တွင် တိတ်တဆိတ် အာဏာသိမ်း ယူလိုက်သည်။ ၎င်း၏အာဏာသိမ်းမှုနှင့်လက်ရှိဖြစ်ပျက်နေသော တပ်မတော်၏အကြမ်းဖက်လုပ်ရပ်များက ယခင်က တည်းက ထိုက်တန်ပြီးဖြစ်သော ရွံစရာအဖွဲ့အစည်းအဖြစ်ပြောင်းလဲသွားစေခဲ့သော တတိယအရေးပါသည့်ဖြစ်ရပ်ပင် ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကင်က ၂၀၁၇ ခုနှစ် မွတ်ဆလင်ရိုဟင်ဂျာများအပေါ် တပ်မတော်၏ အကြမ်းဖက်မှုနှင့် အာဏာသိမ်းပြီးနောက်ပိုင်းအခြေအနေများနှင့်ဆက်စပ်ပြီး လူမျိုးသုဥ်းသတ်ဖြတ်မှုအဖြစ်သတ်မှတ် ရသည့် အကြောင်းတင်ပြရာတွင် “မွတ်ဆလင်ရိုဟင်ဂျာများကို လူမျိုးသုဥ်းသတ်ဖြတ်ရာတွင် ဦးဆောင်ခဲ့သူများ အပါ အဝင် ၎င်းကိစ္စကို ကြီးကြပ်ခဲ့သောစစ်ဗိုလ်ချုပ်များသည် အခြားတိုင်းရင်းသားလူနည်းစုများနှင့် ဘာသာရေးလူနည်းစု များအပေါ်ကျူးလွန်သည့် အကြမ်းဖက်မှုများတွင် ပါဝင်သူများဖြစ်ကြောင်း၊ ထိုစစ်ခေါင်းဆောင်များကပင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသောအစိုးရကိုဖြုတ်ချပြီး အာဏာ သိမ်းယူခဲ့ကြောင်း” ထည့်သွင်းပြောဆိုသွားခဲ့သည်။
တပ်မတော်အား ရွံစရာအဖွဲ့အစည်းအဖြစ်သတ်မှတ်ရာတွင်လည်း မြန်မာပြည်သူများက အလားတူဆက်စပ်ဆင်ခြင် စဥ်းစားခဲ့ကြပါသည်။
ထိုကိစ္စက စကားလုံးဝေါဟာရသက်သက်မျှသာမဟုတ်ပေ။ မြန်မာ့နိုင်ငံရေးအကြပ်အတည်းများအတွက် ပထမအဆင့် ဆောင်ရွက်ချက်အဖြစ် အနာဂတ်မြန်မာ့နိုင်ငံရေးက တပ်မတော်ထွက်ခွာရေးဆွေးနွေးရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာသံ တမန်များက စဥ်းစားကြရမည်ဖြစ်သည်။
သို့မှသာ မြန်မာပြည်သူများက ယင်းလုပ်ငန်းစဥ်နှင့်ရလဒ်များ အပေါ်အယုံ အကြည်ရှိလာမည်ဖြစ်ပြီး ကမ္ဘာ့သက်တမ်း အရှည်ကြာဆုံး ပြည်တွင်းစစ်ကို အဆုံးသတ်ပေးစေမည့် နည်းလမ်း၊ လမ်းစထွက်လာပေးမည်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏အထူးကိုယ်စားလှယ် နိုအယ်လင်းဟေးဇာကတော့ တပ်မတော်ကို အလုပ်ဖြစ်နိုင်သော ဆွေးနွေး ဘက်ဟုယူဆခဲ့ပါသည်။ ယင်းအချက်က လုံးဝမှားယွင်းနေပါသည်။
တပ်မတော်တွင်းမှစစ်သည်တချို့နှင့် ၎င်းတို့မိသားစုဝင်များကပင် တပ်မတော်ကိုပုပ်ပွပျက်စီးနေသော အဖွဲ့အစည်း အဖြစ်ယူဆနေသည့်လက္ခဏာများတွေ့နေရသည်။ နိုင်ငံတစ်ဝှမ်းရှိကျေးရွာများ၊ မြို့များကိုတိုက်ခိုက်နေရသည့် မြန်မာ့ တပ်ဖွဲ့များအတွင်း အဆင့်ဆင့်အမိန့်နာခံမှု လုံးဝမပျက်စီးသည့်တိုင်အောင် အားနည်းလျက်ရှိနေပါသည်။
တပ်မတော်၏ဒုတိယအကြီးအကဲဖြစ်သော စိုးဝင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်နီ၊ ကရင်နှင့် ရှမ်းပြည်နယ်များသို့ လှည့်လည်ကာ စစ်သားများနှင့်၎င်းတို့မိသားစုဝင်များအား အမိန့်နာခံရန်နှင့်စည်းလုံးညီညွတ်ကြရန် လိုက်လံစည်းရုံးနေ ရသည်ဟု သိရသည်။
တပ်မတော်ဘက်က ကူးပြောင်းလာသူများ၏အပြောအရ ထိုသို့နယ်လှည့်စည်းရုံးမှုများကို စစ်တိုင်းမှူးများကသာ ဆောင်ရွက်လေ့ရှိသဖြင့် ယခုဒုချုပ်စိုးဝင်းကိုယ်တိုင်ကွင်းဆင်းနေရသည်က ၎င်းတို့၏စိုးရိမ်မှုကြီးမားချက်ကိုပြသနေ ခြင်းဖြစ်သည်ဟု ပြောသည်။
သံတမန်များနှင့်နိုင်ငံတကာလေ့လာသူအများစုကတော့ နိုင်ငံကိုဗဟိုပြုတွေးခေါ်လေ့ရှိကြပြီး သာမန်ပြည်သူများ၏ အစွမ်းအစကို သံသယဖြစ်လေ့ရှိကြသည်။ သို့သော်လည်း မြန်မာပြည်သူများကတော့ လွန်ခဲ့သော ၃ နှစ်ကျော်ကြာ ကာလအတွင်း ၎င်းတို့၏ကြံ့ခိုင်မှုကိုပြသကာ ကမ္ဘာ့အဆင့် ၃၉ တွင်ရှိနေသော တပ်မတော်ဦးဆောင်သည့် အာဏာသိမ်း မှုမအောင်မြင်ရန် ဆက်ပြီးတွန်းလှန်လျက်ရှိနေပါသေးသည်။
ကမ္ဘာ့မည်သည့်နိုင်ငံထံကမျှ တိုက်ရိုက်စစ်ရေးအကူအညီမရရှိဘဲ စစ်အာဏာရှင်များကိုတွန်းလှန်နေခြင်းဖြစ်သည်။ ၃ နှစ်ကျော်သက်သေထူခဲ့ပြီးဖြစ်သည့်တိုင် မြန်မာနိုင်ငံတွင်စစ်မှန်သောငြိမ်းချမ်းရေးလမ်းကြောင်းကိုရှာဖွေရန် မြန်မာ ပြည်သူများ တို့၏အမှတ်သညာကြီးမှုနှင့် စိတ်ပိုင်းဖြတ်နိုင်မှုကို သံတမန်များကနားလည်ရန် အရေးကြီးပါသည်။
အဆိုပါ စိတ်ပိုင်းဖြတ်မှုနှင့်အစွမ်းအစရှိမှုများက မြန်မာ့အနာဂတ်တွင် ဆက်လက်မတည်ရှိနိုင်တော့သော မြန်မာ့တပ်မ တော်အပေါ် ရွံရှာစက်ဆုပ်ဖွယ်ရာအဖွဲ့အစည်းအဖြစ် လူအများကရှုမြင်နေကြပြီဖြစ်ကြောင်း သက်သေပြချက်များပင်တည်း။
Ref: “How the Coup Shattered the Image of Myanmar’s Military”