ယမင်းဖူးပွင့်အောင်
ဇူလိုင် ၂၂၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
တရုတ်၏ ချက်ချင်းအပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲများရပ်တန့်ရေးတောင်းဆိုချက်အရ အခုလ ဇူလိုင် ၁၉ ရက်နေ့မှ ဇူလိုင် ၃၁ ရက်အထိ အပစ်အခတ်ရပ်စဲမည်ဟု MNDAA က ကြေညာခဲ့သော်လည်း တပ်နှစ်ဘက်အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။
လားရှိုးမြို့အထွက်နားရှိ စစ်ကောင်စီခြေလျင်တပ်ရင်း-ခလရ ၄၁ နှင့် ခြေမြန်တပ်ရင်း- ခမရ ၅၀၇ အနီးတွင် နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်နေသည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ရပ်ကွက်တွေထဲကိုလည်း လက်နက်ကြီးတွေကျတယ်။ အိမ်တွေထိခိုက်ပျက်စီးတာရှိတယ်။ အရပ်သားတစ်ချို့ ထိခိုက်တာလည်းရှိတယ်။ ဒါပေမယ့် အတိအကျတော့မသိရသေးဘူး။ ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေကလည်း သိပ်မရဘူး။ တိုက်ပွဲကတော့ ဒီမနက်အထိဖြစ်နေတုန်းပဲ” ဟု ၎င်းကပြောသည်။
တိုက်ပွဲဖြစ်ပွားရာအနီးတွင် မတိမ်းရှောင်ရသေးသည့် ဒေသခံများလည်းရှိနေပြီး စစ်ကောင်စီက မြို့အဝင်အထွက်ကို လည်းပိတ်ထားသည်ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်တွင် လားရှိုးမြို့ပြင် ၁၃ မိုင်သို့ စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု MNDAA က ထုတ်ပြန်ထားသည်။
ထို့ပြင် နံနက် ၄ နာရီအချိန်ခန့်တွင်လည်း စစ်ကောင်စီတပ်က သိန္နီခရိုင်အတွင်းရှိ ကြယ်ဝှဒေသသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စပါးခင်းများနှင့် သီးနှံများအပြင် အရပ်သားနေအိမ် ၄ လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပုံစာ- ဇူလိုင် ၂၁ ရက်နေ့ လားရှိုးမြို့တွင် နှစ်ဖက်ပစ်ခတ်မှုများရှိနေသည့် မြင်ကွင်း။ Video- FYV