စကားမောင်
ဇူလိုင် ၆၊ ၂၀၂၄
ရန်ကုန်တိုင်း၊ သာကေတမြို့နယ် အနော်မာနှင့် ထူပါရုံရပ်ကွက်များတွင် ယခုလ ပထမအပတ်မှစ၍ ဝမ်းရောဂါဖြစ်ပွားလျက်ရှိပြီး သေဆုံးသူ ခန့်မှန်း ၅ ဦးမှ ၈ ဦးအထိရှိနေပြီး ရောဂါခံစားနေရသူ ၄၅ ဦးရှိသည်ဟု ဒေသခံများထံက သိရသည်။
“သာကေတမြို့မှာ ၁၉ ရပ်ကွက်ရှိတဲ့ထဲ ဒို့ရပ်ကွက်တွေကျတော့ ကလိုရင်းခပ်တယ်။ အခုက အနော်မာနဲ့ ထူပါရုံရပ် ကွက်မှာဖြစ်နေတာ” ဟု သာကေတမြို့တွင်နေထိုင်သူတစ်ဦးက ဆိုသည်။
ယမန့်နေ့က အနော်မာရပ်ကွက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့- WHO နှင့် ကုလသမဂ္ဂ- UN အပါအဝင် တိုင်းကျန်းမာရေး၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်ကြက်ခြေနီတို့မှ ဝမ်းပျက်၊ ဝမ်းရောဂါကွင်းဆင်း ကုသမှုပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ထိုရပ်ကွက်နှစ်ခုရှိ လမ်းဘေးများတွင်ဖွင့်လှစ်ထားသည့် မုန့်ဟင်းခါးဆိုင်၊ အသုပ်စုံဆိုင်၊ အသားဒုတ်ထိုးဆိုင်များနှင့် နွားနို့အရောင်းဆိုင်များကို ဇူလိုင် ၅ ရက်မှ ၁၂ ရက် အထိ (တစ်ပတ်) ယာယီပိတ်ရန် ညွှန်ကြားခဲ့သည်ဟု ဒေသခံများကပြောသည်။
လတ်တလောတွင် ကာလဝမ်းရောဂါအဖြစ် အတိအကျမပြောနိုင်သေးကြောင်း အနော်မာမြို့နယ်ကျန်းမာရေးမှူးက သံလွင်ခက်ကို ပြောသည်။ သို့သော် ၎င်းမှ အင်တာဗျူးဖြေဆိုရန် ငြင်းဆိုခဲ့သည်။
ကာလဝမ်းရောဂါနှင့်ပတ်သက်ပြီး အထွေထွေရောဂါကု ဆရာဝန်၊ ဒေါက်တာဆိုင်မွန်က ယင်းရောဂါဖြစ်ပွားလျှင် ရေပုံးသွန်ချသကဲ့သို့ အရည်ဝမ်းသွားခြင်း၊ ဆန်ဆေးရည်အရောင်ရှိခြင်းနှင့် ဝမ်းသွားသည့် ပမာဏများသည့်အတွက် ရေ ဓာတ်ဆုံးရှုံးခြင်းများသည် အဓိကလက္ခဏာများဖြစ်သည်ဟု ရှင်းပြထားသည်။
“တစ်ခါသွားရင် တစ်လီတာလောက်ကို ဝေါခနဲထွက်ကျတာ ဒါကသူ့ရဲ့ အဓိက ပြဿနာပဲ။ အဲ့တော့ ကာလဝမ်းရောဂါက အချိန်မှီအတွင်း မပြင်ဆင်နိုင်ရင် နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်တယ်”ဟု ၎င်းက ဆိုသည်။
ကာလဝမ်းရောဂါသည် အညစ်ကြေးစွန့်စနစ်များ မကောင်းခြင်း၊ လူဦးရေထူထပ်ခြင်းနှင့် ပတ်ဝန်းကျင် စိုစွတ်ခြင်းများကြောင့် ဖြစ်ပွားစေသည်ဟု ဒေါက်တာဆိုင်မွန်က ပြောသည်။
ယင်းဝမ်းရောဂါပိုးသည် ရေနှင့်ဝမ်းမှ ကူးစက်နိုင်ပြီး တကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကြောင့်ဖြစ်ပွားနိုင်ကာ ရောဂါပိုးပြင်းထန်လျှင် တစ်ဦးနှင့်တစ်ဦး ထိတွေ့ရုံဖြင့် ကူးစက်နိုင်သည်ဟု ၎င်းက ဆိုသည်။
ထိုကဲ့သို့ ရောဂါခံစားရလျှင် ရေဓာတ်ကိုအချိန်မီပြန်ဖြည့်တင်းနိုင်ရန်အတွက် ဓာတ်ဆားရေသောက်သုံးရန်လိုအပ်ပြီး ဆရာဝန်ညွှန်ကြားသည့် ဆေးဝါးများကို မှီဝဲရန်လိုအပ်သည်ဟု ဆရာဝန်များက အသိပေးထားသည်။
ဓာတ်ပုံ- HMZ- Facebook လူမှုကွန်ယက်)