ထွယ်
ဇူလိုင် ၆၊ ၂၀၂၄
ကချင်ပြည်နယ်အထက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မလိခမြစ်နှင့် မေခမြစ်ရေကြီးရေလျှံဖြစ်ကာ မြစ်ကြီးနား- ပူတာအိုရှိ လမ်းပိုင်းမြေပြိုပျက်စီးပြီး ကားများလမ်းခုလတ်၌ ပိတ်မိနေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သည်ဟု ဒေသခံများထံကသိရသည်။
“မြေတွေ အကုန်ပြိုထားတဲ့အခါကြတော့ တယန်ဇွပ်ရွာမှာ ပိတ်မိနေတယ်။ မြစ်ကြီးနားပြန်လာလို့မရဘူး။ ဖုန်ကျန်ရွာမှာလည်း တံတားနဲ့မြေကြီးအစပ်မှာ ရေတိုက်စားလို့ ဟောင်းလောင်းကြီးဖြစ်သွားတာပေါ့” ဟု ပုဂ္ဂလိကယာဉ်လိုင်း တစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းတွင် ဆွမ်ပရာဘွမ်မြို့နယ် ဖုန်ကျန်ကျေးရွာနှင့် မြစ်ကြီးနားမြို့နယ် တယန်ဇွပ်ကျေးရွာတွင် အိမ်စီးကား၊ ကုန်ကား အစီး ၆၀ ခန့် ယနေ့ချိန်ထိ ပိတ်မိနေခြင်းဖြစ်သည်။
လတ်တလောတွင် ယင်းဒေသများတွင် ဖုန်းလိုင်းများ ပြတ်တောက်နေသဖြင့် လမ်းများ ပြန်လည်ပြင်ဆင်နေခြင်း ရှိ၊ မရှိကို မသိရသေးဘူးဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။
ထို့အပြင် မြစ်ကြီးနား- ပူတာအို လမ်းမကြီးတွင် ဖုန်အိန်ချောင်းတံတားမှ တယန်ဇွပ်ကျေးရွာအထိ မြေပြိုမှု ၁၀ နေရာဖြစ်နေပြီး အချို့နေရာများ၌ ပေ ၂၀၀ ခန့်ပျက်စီးနေသကဲ့သို့ အချို့နေရာများတွင် ၁ ဖာလုံမှ ၂ ဖာလုံထိ ပျက်စီးနေသည် ဟု မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် မြစ်ကြီးနားမြို့နယ်၊ မလိခမြစ်အရှေ့ပိုင်းရှိ ခါဘာကျေးရွာက နေအိမ် ၃၀ ထက်မနည်း မြစ်ရေတိုးရေလျှံမှုကြောင့် မျှောပါသွားသည်ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။
၎င်းက “အိမ်တွေက အကုန်မျောသွားပြီ မရှိတော့ဘူး၊ အလုံးလိုက်ကို အကုန်မျောသွားတာ၊ ရေကျရင်တောင် ယူစရာမရှိတော့ဘူး။ စက်လှေတွေလည်း တချို့က မြုပ်နေတာ” ဟု ပြောသည်။
အဆိုကျေးရွာသားများသည် တယန်ဇွပ်ကျေးနှင့် ရေမရောက်သည့် နေရာများကို ရွှေ့ပြောင်းနေကြရသည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ ခါဘာကျေးရွာသည် ကူးတို့ဆိပ်စက်လှေဆိပ်ကမ်းကျေးရွာဖြစ်ပြီး ဈေးဆိုင်များ၊ တည်းခိုခန်းများရှိကာ ထိုဒေသတွင် ၂၀၁၈ ခုနှစ်ခန့်ကတည်းက ရွှေလုပ်ကွက်များကို စက်ယန္တရားကြီးများဖြင့် တူးဖော်ခဲ့သည့်ဒေသဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက မြစ်ဆုံစီမံကိန်းကြောင့် ယင်းကျေးရွာသားများသည် မြစ်ကြီးနားမြို့အောင်မြင်သာစံပြကျေးရွာသို့ ပြောင်းရွှေ့နေထိုင်သူများရှိခဲ့ပြီး အချို့ဒေသခံများမှာ ပြန်လည်နေထိုင်သူများလည်းရှိသည်ဟု သိရသည်။
မေခမြစ်စတင်စီးဆင်းရာ ကချင်ပြည်နယ်အထက်ပိုင်း၊ ပူတာအိုမြို့နယ်၊ ရေခဲတောင်ရှိရာ ကျေးရွာများ၌လည်း မိုးဆက်လက်ရွာသွန်းလျက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။
မြန်မာနိုင်ငံမြောက်ဖျားပိုင်း ပူတာအိုမြို့နယ်တွင် ယခင်နှစ်ထက် ယခုနှစ်သည် မိုးပိုများလျက်ရှိကာ ဒေသခံများရေဘေး ကြုံတွေ့နေကြရသည်။
ပုံစာ – ရေကြီးရေလျှံမှုများကြောင့် မြေပြိုမှုများဖြစ်နေသည့် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း မြင်ကွင်း