၆၀၆ ဒုံးတပ်ရင်း မကျရေး စစ်ကောင်စီ အင်အားဖြည့် ခုခံနေ
*********
ယမင်းဖူးပွင့်အောင်။
ဇွန် ၂၉၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပြင် တောင်ဘက်ရှိ ဒုံးတပ်ရင်း-ဒတရ (၆၀၆) ကို စစ်ကောင်စီက လူအင်အားနှင့် လက်နက်ခဲယမ်းထပ်မံဖြည့်တင်း၍ ခုခံနေသည်ဟု စစ်ရေးနီးစပ်သူများထံက သိရသည်။
နောင်ချိုမြို့နှင့် စစ်ကောင်စီခြေလျင်တပ်ရင်း၊ ခြေမြန်တပ်ရင်း၊ ရုံးဌာနများကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်- TNLA နှင့် ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားပြီးဖြစ်သော်လည်း ဒတရ-၆၀၆ မကျရေး စစ်ကောင်စီက ခု ခံနေခြင်းဖြစ်သည်။
“မနေ့တုန်းကလည်း ဒုံးတပ်ရင်းနားက ရွှေမုဌောဆိုတဲ့ကျေးရွာနားမှာ Mi 17 နဲ့ ၇ခေါက်ထက်မနည်းလာချသွားတယ်။ ၇ခေါက်ထက်မနည်းဆိုတော့ မှန်းမယ်ဆိုရင် အနည်းဆုံးလက်နက်ခဲယမ်းအပြည့်နဲ့ဆိုရင် လူ ၂၀၀ လောက်ထပ်ပြီးတော့ အင်အားဖြည့်ထားတယ်လို့ သိရတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က သံလွင်ခက်ကိုပြောသည်။
လက်ရှိအချိန်တွင် ဒတရ- ၆၀၆ ကို TNLA နှင့်မဟာမိတ်အဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ရေးတင်းမာလျက် သည်ဟု TNLA တပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။
TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက သံလွင်ခက်က ဆက်သွယ်မေးမြန်းထားပေမယ့် ဖုန်းအဆက် အသွယ်မရရှိသေးပေ။
လက်ရှိ ဒတရ-၆၀၆ တွင် ရန်ကုန်တိုင်း စစ်ဗျူဟာမှူးကြီး ထွန်းထွန်းဟိန်း (DSA-42) ဦးစီးသည့် ရှေ့တန်းခြေလျင်တပ် ရင်း- ခလရ ၇၀ (တွံတေးတပ်) ဒုတပ်ရင်းမှူး၏ စစ်ကြောင်းပူးပေါင်းခံစစ်ဆင်နေခြင်းဖြစ်ပြီး ယမန်နေ့ကလည်း အင် အားထပ်မံဖြည့်တင်းခဲ့သည်ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
ဒတရ-၆၀၆ သည် နောင်ချိူမြို့၊ ကျောက်ဂူမြို့၊ ရပ်စောက်မြို့စသည့် ရှမ်းတောင်ဘက် အထွက်လမ်းတွင်တည်ရှိပြီး အောက်ဘက်တွင်လည်း အမှတ်(၉၀၂) အမြှောက်စခန်းကွပ်ကဲမှုဌာနချုပ်နှင့် တောင်ခမ်းဗျူဟာတည်ရှိကာ စစ်ကောင် စီအတွက် အရေးပါသည့်နေရာတစ်ခုဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ဒီဒုံးတပ်ရင်းကိုရသွားရင်အမြှောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရော ကျန်တဲ့ အမြှောက်တပ်တွေကိုပါ ပူးပေါင်းအဖွဲ့ တွေက သိမ်းဖို့လွယ်သွားမယ်ပေါ့နော်။ ၆၀၆ ကိုသာ ပူးပေါင်းတပ်ဖွဲ့တွေသိမ်းလိုက်ရင် စောစောကပြောတဲ့ တောင်ခမ်း ဘက်မှာ စွမ်းအင်ဝန်ကြီးဌာနကနေ သိုလှောင်ထားတဲ့ ဒီဇယ်၊ ဓာတ်ဆီတွေ ဂါလံသန်းပေါင်းများစွာသိမ်းပိုက် ထားတဲ့ သိုလှောင်ထားတဲ့နေရာတွေရှိတယ်ပေါ့နော်။ အဲ့ဒါတွေကို ပူးပေါင်းတပ်ဖွဲ့တွေ လက်ထဲကိုရောက်သွားမှာ စိုးတဲ့အတွက် အသည်းအသန်ခုခံနေရခြင်းဖြစ်တယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
တောင်ခမ်းဗျူဟာသည် အမြှောက်တပ်ရင်း ၃ခုနှင့်ဖွဲ့စည်းထားသည့် ဗျူဟာတစ်ခုဖြစ်ပြီး တာဝေးပစ်လက်နက်များ တည်ရှိကာ ရှမ်းမြောက်နှင့် ရှမ်းတောင်ကို ဆက်သွယ်ထားသည့် အချက်အချာကျသည့် နေရာတစ်ခုလည်းဖြစ်သည်။
****
Telegram – > https://t.me/ThanLwinKhetNews/4889
YouTube -> https://youtu.be/wUXdJYTpAwY?si=wEl68-owV0YdDt58
Website -> https://thanlwinkhet.net/?p=10618