စစ်ကောင်စီ ဒရုန်းတိုက်ခိုက်မှုကြောင့် ညောင်လေးပင်မြို့နယ်က ပြည်သူ ၈ ဦးသေဆုံးကာ ဒါဇင်ဝက် ထိခိုက်
***********************
မေသံလွင်
၂၉၊ ၆၊ ၂၀၂၄။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ကောက်မယ်သူကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၈ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်ဝက် ထိခိုက်ဒဏ်ရာရရှိကာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ နေ့လည် ၁၂ ခွဲကျော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကောက်မယ်သူကျေးရွာကို ဒရုန်းဖြင့် ဗုံး ၃ လုံး လာရောက်ကြဲချခဲ့သဖြင့် ဒေသခံ ၈ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ နောက်ထပ်ဒေသခံ ၆ ဦး ထိခိုက်ခဲ့ရခြင်းဖြစ်သည်။
“မနေ့ကတော့ရွာရဲ့ အဝင်ဂိတ်သဘောမျိုးနေရာကို စကစက ဒရုန်းနဲ့ လာချလို့ အရပ်သားတွေ သေဆုံးတာပါ” ဟု ဒေသ ခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
လတ်တလောတွင် ညောင်လေးပင်မြို့နယ်တဝိုက်၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်း မာလျက်ရှိပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ရင်ဆိုင်ကာလဖြစ်နေပြီး တိုက်ပွဲဖြစ်ဖို့ နှစ်ဖက်လုံးတင်းမာနေတာ ကြာပါပြီ။ စကစက အင်အားစုဖွဲ့ပြီး စစ်ကြောင်း ထိုးခဲ့ပေမယ့် ပြန်ဆုတ်သွားရပါတယ်။ အဲ့ဒီနောက် လက်နက်ကြီးနဲ့ပစ်တာတွေ ဒရုန်းနဲ့ပစ်တာတွေ လုပ်ဆောင်နေတာပါ ” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇွန် ၂၇ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ရန် ကြိုးပမ်းလာသဖြင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များဝင်များက ပိတ်ဆို့တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး တိုက်ပွဲငယ် (၂) ကြိမ်ခန့် ဖြစ်ပွားခဲ့သည် Royal Peacock Column တော်ဝင်ဒေါင်းစစ်ကြောင်းက ထုတ်ပြန်ထားသည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီအောက်လက်ခံ ရဲတပ်သား နှစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိသည်ဟု တော်လှန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်မှ ၂၅ ရက်အတွင်း ညောင်လေးပင်ခရိုင် (ခလယ်လွီထူခရိုင်)၊ ကျောက်ကြီးမြို့နယ် (လယ်ဒို မြို့နယ်) နှင့် မုန်းမြို့နယ် (မူးမြို့နယ်) အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူလူထုများအား ပစ်မှတ်ထားပြီး ပြည်သူလူထုများနေထိုင်သည့် ကျေးရွာအတွင်းနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည့်အတွက် နေအိမ် (၃)လုံး ထိခိုက်ပျက်စီးခဲ့ရသည့်အပြင် ပြည်သူ (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU က ဇွန်လ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။
ပုံစာ- စစ်ကောင်စီဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ပြည်သူတစ်ဦး။ ဓာတ်ပုံ- ပေးပို့။