ပြောင်းရွှေ့ခံ ကျိုက်မရောအကျဉ်းထောင်က အကျဉ်းသား ၁၅၀ ကျော်တွင် နိုင်ကျဉ်းအမျိုးသမီး (၆၀) ကျော်ပါ
****************
သဇင်
ဇွန် ၁၅၊၂၀၂၄
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အကျဉ်းထောင်မှ ယနေ့နံနက်အစောပိုင်းတွင် ပြောင်းရွှေ့ခံရသည့် အကျဉ်းသား ၁၅၀ ကျော်တွင် အမျိုးသမီးနိုင်ငံရေး အကျဉ်းသူအယောက် ၆၀ ကျော်ပါရှိသည်ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကို ပြောသည်။
”အရှေ့ရက်ကဖြစ်သွားတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး လူသားချင်းစာနာဖို့အတွက် တောင်းဆိုတာအတိုင်းအတာမှာ သူတို့ဘက် က လုပ်ပေးပါ့မယ်ဆိုပြီးတော့ ဒီလိုမျိုးကိုင်တွယ်ဖြေရှင်းသွားတာကြီးကတော့ မဖြစ်သင့်ဘူး။ ဒါက ထောင်ဆူပူတာ လည်းမဟုတ်ဘူး။ ဆန္ဒပြတာလည်းမဟုတ်ဘဲနဲ့ ခေါ်ထုတ်သွားတာပါ။ လက်ရှိမှာတော့ ခန့်မှန်းခြေအနေနဲ့ နိုင်ကျဉ်းအမျိုးသမီး (၆၀) ကျော်ပါသွားတယ်လို့သိရပါတယ်” ဟုဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်က ကျိုက်မရောအကျဉ်းထောင်တွင် အမျိုးသားဆောင်နှင့် အမျိုးသမီးဆောင်အကြား အုပ်ရိုး အထက်၌သွပ်ကာသည့် အကျဉ်းသားတစ်ဦး ဓာတ်လိုက်ပြီး အမြင့်ပေ ၂၀ ကျော်မှ ပြုတ်ကျစဉ် ဆေးရုံပို့ပေးရန် အမျိုးသမီးအကျဉ်းသူများက ဝိုင်းဝန်းတောင်းဆိုခဲ့ကြသည်။
ထိုဖြစ်စဉ်ကြောင့် ယနေ့ဇွန်လ ၁၅ ရက် မနက်အစောပိုင်း ၃ နာရီခန့်တွင် အကျည်းသား ၁၅၀ ကျော်ကို သံခြေကျင်းခတ်ကာ ထောင်အာဏာပိုင်ညွှန်မှူးက ထောင်ပြောင်းရွှေ့ခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆိုသည်။
၎င်းက “ညွှန်မှူးအသစ်လို့ သိရတယ်။ အဓိကကတော့ ရှေ့မှာ ထောင်တွင်းသပိတ် အစာငတ်ခံသပိတ်လုပ်တဲ့သူတွေ ထောင်အာဏာပိုင်တွေရဲ့ အမှားတွေကို ထောက်ပြပြီးမှ အကျဉ်းသားဘက်က ရပ်တည်တဲ့သူတွေကို ဦးစားပေးခေါ် သွားတယ်။ နိုင်ကျဉ်းအမျိုးသမီးတွေက အရေအတွက်ပိုပါသွားတယ်။ အမျိုးသားထဲမှာလည်း နိုင်ကျဉ်းတွေကို ဦးစား ပေးခေါ်သွားတာ”ဟုဆိုသည်။
စစ်အာဏာသိမ်းမှု သုံးနှစ်တာကာလအတွင်း မြန်မာနိုင်ငံအတွင်း အရပ်သားပြည်သူ ၂၆,၈၁၇ ဦးကျော် ဖမ်းဆီးခံထားရပြီး မွန်ပြည်နယ်အတွင်း ၁,၀၀၀ ကျော် ဖမ်းဆီးခံထားရသည်ဟု လဂွန်းအိမ်စာစဉ်၏ထုတ်ပြန်ချက်အရသိရသည်။
****
Telegram – > https://t.me/ThanLwinKhetNews/4794
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10515