လော့ခေါ်စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်များ အကူအညီလိုအပ်
***********************
ပန်ပန်
ဇွန် ၁၅၊ ၂၀၂၄
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း သောင်ရင်းမြစ်ဘေးရှိ လော့ခေါ်စစ်ရှောင်စခန်းရှိ ကိုယ်ဝန်ဆောင်မိခင်များအတွက် အကူအညီများလိုအပ်နေသည်ဟု စစ်ရှောင်တာဝန်ခံနှင့် ကိုယ်ဝန်ဆောင်မိခင်များထံက သိရသည်။
လော့ခေါ်စစ်ရှောင်စခန်းတွင် ကိုယ်ဝန်ဆောင် လေးဦးရှိပြီး မီးဖွားရန်အတွက် အခက်အခဲရှိနေသည် စစ်ရှောင်စခန်းတာဝန်ခံအမျိုးသမီးတစ်ဦးက ဆိုသည်။
၎င်းက “ အခု အခက်ခဲဆုံးကတော့ ယောကျာ်းမရှိ ကိုယ်ဝန်သည်တွေရှိတယ်။ အခက်အခဲဖြစ်တာက ဒီမွေးခါနီးပေါ့။ တစ်ယောက်က ဒီလမွေးတော့မယ်။ သူ့မှာအခက်ခဲဆုံးကတော့ စားရေးသောက်ရေး၊ ငွေရေးကြေးရေး အခက်ခဲဆုံးပဲ။ ကိုယ်ဝန်ရှိနေတဲ့အချိန်မှာ အစားအသောက်မလုပ်နိုင်ဘူး။ အလုပ်ကလည်းမလုပ်နိုင်ဘူးဆိုတော့ အဟာရအများကြီးလိုတယ်။ သွားမွေးတဲ့အချိန်မှာလည်း ကုန်ဦးမယ်။ မွေးပြီးရင်လည်း ကုန်ဦးမယ်။ အမျိုးသားမရှိတဲ့သူတို့အတွက်က ပိုပြီး အခက်အခဲဖြစ်တယ်။ သူ့ကို ပြုစုစောင့်ရှောက်မယ့်လူမရှိဘူး” ဟု ဆိုသည်။
အဆိုပါ ကိုယ်ဝန်ဆောင် မိခင်လေးဦးအနက် တစ်ဦးသည် ယခုလအတွင်း ကလေးမွေးဖွားရန် ရက်စေ့နေပြီဖြစ်သည်ဟု စခန်းတာဝန်ခံထံက သိရသည်။
အဆိုပါ မွေးရက်စေ့သည့် အသက် ၃၅ နှစ်အရွယ် ကိုယ်ဝန်သည်မိခင်တွင် ကလေးငယ်နှစ်ဦးရှိပြီး မီးဖွားစဉ်ကာလ ထိုကလေးနှစ်ဦးအတွက် စိတ်ပူနေရသည်ဟု ကိုယ်ဝန်သည်မိခင်က သံလွင်ခက်ကို ဖုန်းကတစ်ဆင့်ပြောသည်။
“တာဝန်ခံပြောတာကတော့ ကျွန်မမီးဖွားရင်ကျွန်မကို ကြည့်ပေးဖို့လူလွှတ်မယ်ပေါ့နော်။ ဒါပေမယ့်လည်း စဉ်းစားရတာပေါ့။ ကလေးငယ်ကလည်း နှစ်ယောက်ရှိတယ်။ အကြီးမက ၁၂ နှစ်၊ အကြီးကောင်က ငါးနှစ်ရှိပြီးပေါ့နော်။ တကယ်လို့မီးဖွားတဲ့အချိန်ဆိုရင် သူတို့ကို ဘယ်သူနဲ့ထားခဲ့ရမလဲ။ စိတ်ပူတာပေါ့၊ ငွေကြေးကလည်းမရှိဘူးဆိုတော့” ဟု ၎င်းက ဆိုသည်။
ထို့အပြင် စစ်ရှောင်စခန်းအတွင်း ဆေးခန်း၊ ကျန်းမာရေးစောင့်ရှောက်သည့် ဆရာ၊ ဆရာမများလုံလောက်မှုရှိသော်လည်း ဆေးဝါးများလုံလောက်မှုမရှိဟု စခန်းတာဝန်ခံများထံက သိရသည်။
စစ်ရှောင်စခန်းတွင် ကျန်းမာရေးနှင့် သက်ဆိုင်သော ထောက်ပံ့ကြေးများ မလုံလောက်သောကြောင့် ကိုယ်ဝန်ဆောင်များအတွက် ကာကွယ်ဆေးများပင် မရှိဟု သိရသည်။
စစ်ရှောင်စခန်းတာဝန်ခံက “ကျန်းမာရေးကြည့်ရှုမယ့် အဖွဲ့အစည်းဝန်ထမ်းတွေကတော့ ပြည့်ပြည့်စုံစုံရှိတယ်။ ဆေးနဲ့ ပတ်သက်တာကတော့ မစုံဘူးလေနော်။ အနည်းဆုံး မိခင်ကာကွယ်ဆေးလေးတောင်မရှိဘူးပေါ့နော်။ ဒီဟာတွေက ရှိသင့်တယ်လေနော်။ အဓိက ထောက်ပံ့ကြေးမလုံလောက်လို့ပေါ့ “ ဟု ဆိုသည်။
လော့ခေါ် စစ်ရှောင်စခန်းတွင် လော့ခေါ်၊ ကနဲလေးထနှင့် ထီးကော်ထောစသည့် ကျေးရွာက စစ်ရှောင်ဦးရေ ၈၀၀ ကျော် နေထိုင်လျက်ရှိသည်။
ပုံစာ – သောင်ရင်းမြစ်ဘေးရှိ စစ်ရှာင်စခန်းတစ်ခုအား မြင်တွေ့နေရစဉ်။ ဓါတ်ပုံ – ပေးပို့