ဆီဆိုင်ဒေသခံ ၆၀ နီးပါးကို စစ်ကောင်စီ ဖမ်းဆီးထား
*************
သံလွင်ခက်
ဇွန် ၁၃ ၊ ၂၀၂၄။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီဗွာ (ရေဖြူ) ကျေးရွာက ဒေသခံပြည်သူ ၅၉ ဦးကို စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(PNLA) က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ဖမ်းဆီးခံရသည့်သူများအနက် ထက်ဝက်ကျော်သည် အမျိုးသမီးများဖြစ်ကြပြီး အသက် ၄၀ နှင့်အထက် ပြည်သူအများစုဖြစ်သည်။
ထို့အပြင် တောတောင်ထဲတွင် စစ်ဘေးတိမ်ရှောင်နေသည့် ဒေသခံပြည်သူများကို ပြန်မလာပါက နေအိမ်များ မီးရှို့မည်ဟု ခြိမ်းခြောက်ကာ အကြပ်ကိုင်ရာမှ ပြန်လာသည့် ပြည်သူများကို စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ကျေးရွာခန်းမတွင်း ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ထီဗွာ (ရေဖြူ) ကျေးရွာဒေသခံ ပြည်သူများကို ဇွန်လ ၁၀ ရက်တွင် ဖမ်းဆီးခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်ပေးခြင်းမရှိသေးဟု PNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးခံထားရသည့် ဒေသခံပြည်သူများ၏ အသက်အန္တရာယ်ကို စိုးရိမ်မိသည်ဟု PNLA ပြောခွင့်ရသူ ခွန်ရိမ်းယံက သံလွင်ခက်သတင်းဌာနက ပြောသည်။
၎င်းက ” ဒေသခံပြည်သူတွေကို စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေက အစုလိုက်အပြုံလိုက် ရွာခန်းမထဲမှာ ဖမ်းထားတယ်ဆိုတာကို ကျနော်တို့သိရတော့ ရှင်းရှင်းပြောရရင် ဒေသခံတွေပြည်သူတွေကို စစ်ကောင်စီတွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားမှာကို အစိုးရိမ်ဆုံးဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီလိုစိုးရိမ်လဲဆိုတော့ တစ်နိုင်ငံလုံးမှာ ပဲ ဒီစစ်ကောင်စီတွေက ဒေသခံပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ ခဏခဏကျူးလွန်နေတာ” ဟု ဆိုသည်။
စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ဆီဆိုင်မြို့နယ်အတွင်း ပြည်သူများအား ဖမ်းဆီး ခြင်း၊ သတ်ဖြတ်ခြင်းနှင့် ပြန်ပေးဆွဲငွေညစ်ခြင်းများ မကြာခဏကျူးလွန်နေလျက်ရှိသည်ဟု PNLA က ထုတ်ပြန်ထားသည်။