စစ်ကောင်စီတပ်စွဲထားတာကြောင့် ဓမ္မသကျေးရွာဒေသခံအချို့ နေရပ်မပြန်ရဲ
***************************
သဇင်
ဇွန် ၁၁၊၂၀၂၄။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာရှိ ဘုန်းကြီးကျောင်းတချို့နှင့် ရွာထိပ်တို့တွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားဆဲဖြစ်တာကြောင့် ဒေသခံအချို့ နေရပ်မပြန်ရဲဖြစ်နေသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သားများသည် ဓမ္မသကျေးရွာအပြင် ကျိုက်မရောမြို့နယ်အပိုင် ကျေးရွာများဖြစ်သည့် သံကလောင်၊ ကော့သပ်၊ တရနာစသည့် ကျေးရွာများတွင်လည်း တပ်စွဲထားခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ဘေးရှောင်နေသည့် ဓမ္မသရွာခံများထဲမှ နေအိမ်ကျန်ရှိနေသေးသည့် လူဦးရေ (၁၀၀) ခန့်သာ ရွာထဲဝင်ရောက်နေထိုင်နေကြသည်ဟု ရွာခံအမျိုးသားတစ်ဦးက ဆိုသည်။
“အခုက ရွာမှာလေ အိမ်ရှိတဲ့သူတွေက ပြန်နေနေကြပြီ။ ဒါပေမယ့် နေနေတဲ့သူက အယောက်တစ်ရာလောက်ပဲရှိတာ။ ရွာကဘုန်းကြီးကျောင်းမှာ စစ်သားတွေရှိနေတော့ ဘယ်သူမှမပြန်ရဲကြဘူး ”ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် မတ်လကုန်ပိုင်းနှင့် ဧပြီလဆန်းပိုင်းတွင် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ထိုးစစ်ကြောင့် ဓမ္မသကျေးရွာရှိ အိမ် ခြေ (၃၀၀) ကျော် မီးလောင်ပျက်စီးခဲ့ပြီး အိမ်ခြေ (၆၀) ခန့် လက်နက်ကြီးဒဏ်ကြောင့် ပျက်စီးခဲ့ရသည်။ တိုက်ပွဲဖြစ်ပွားချိန် မတ်လ ၂၇ ရက်မှစ၍ ယနေ့အချိန်အထိ ဒေသခံများ စစ်ဘေးရှောင်နေရသည်မှာ နှစ်လကျော်ကြာမြင့်လာပြီဖြစ်သည်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာနတာဝန်ရှိသူတစ်ဦးက ” နေအိမ်ရှိ ပြည်သူများကတော့ သတင်းထောက်လှမ်းပြီးမှ ပြေးလွယ်တဲ့သူတွေက ကနဦး ပြန်လာကြတာပဲရှိတယ်။ နေအိမ်ရှိနေတဲ့သူတွေ တောင်မပြန်ရဲတာဆိုတော့ နေအိမ်မရှိတဲ့ ပြည်သူတွေကတော့ ပိုလို့တောင်အခက်အခဲရှိနေပါတယ်”ဟု ဆိုသည်။
ရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့စီတပ်ဖွဲ့ဝင်များ ရှိနေသည့်အတွက် ကျေးရွာအတွင်းပြန်လည်နေထိုင်ရန် စိုးရိမ်ထိန့်လန့်မှု ကြောင့် နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာတွင် ရှောင်တိမ်းနေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ကျွန်မကတခြားရွာမှာနေနေတာ။ ကလေးငယ်လည်းရှိတဲ့အတွက် ရွာပြန်ဖို့ကအဆင်မပြေဘူး။ ရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေလည်းရှိနေတော့မပြန်ရဲဘူး”ဟု ဆိုသည်။
စစ်ရေးအရ အရေးပါသည့် မွန်ပြည်နယ်အစပ်က ကရင်ပြည်နယ် ကော့ဘိန်းရဲစခန်းအား ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) အပါအဝင် တော်လှန်ရေးပူးပေါင်း တပ်များက ဝင်ရောက်စီး နင်းချိန်မှစပြီး ဂျိုင်းမြစ်ဝှမ်းတစ်လျှောက်တွင် စစ်ရေးပြင်းထန်ခဲ့ခြင်း ဖြစ်သည်။
ပုံစာ- ဓမ္မသကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများ။
****
Telegram – > https://t.me/ThanLwinKhetNews/4766
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10451