ယမင်းဖူးပွင့်အောင်
ဇွန် ၆၊ ၂၀၂၄။
အချိန်က မနက် ၁၀ နာရီဝန်းကျင်လောက် ဖြစ်တယ်။ ဦးအောင်ဇော် တစ်ယောက် နွားစာကျွေးဖို့ အိမ်ပြန်ရင်း အိမ်ရှေ့အရောက်မှာ “အုံး” ဆိုတဲ့ ပေါက်ကွဲသံကို ကြားလိုက်ရပါတယ်။ ချက်ချင်းပဲ သူဟာ အိမ်အောက်ကို ပြေးဝင်ပုန်းလိုက်ရတယ်။
အဲဒီနောက် ရွာထဲက မင်္ဂလာဆောင်တစ်ခုမှာ ကျန်ရစ်ခဲ့တဲ့ ဇနီးသည်နဲ့ သမီးငယ်ကို သတိရကာ အဲဒီကို အပြေးပြန်သွားခဲ့ပါတယ်။ မင်္ဂလာဆောင်နဲ့ သူ့အိမ်ဟာ အိမ်လေးလုံးစာ အကွာအဝေးပဲရှိပါတယ်။
အဲဒီကိုရောက်တဲ့အခါ သူမြင်တွေ့ရတာက ပြန့်ကျဲနေတဲ့ ခန္ဓာကိုယ်ပြတ် အပိုင်းအစတွေ၊ ရုပ်အလောင်းတွေရဲ့ မြင်ကွင်းတစ်ခုပါ။ ဒါတွေကို သူ လျစ်လျူရှုပြီး သူ့သမီးငယ်လေးကိုသာ အော်ခေါ်ရင်း လိုက်ရှာနေခဲ့ပါတယ်။
မင်္ဂလာဆောင်အတွက် ဟင်းချက်ကူတဲ့ နေရာကို သွားကြည့်ချိန်မှာတော့ ဒဏ်ရာရပြီး သွေးတွေနဲ့ လဲနေတဲ့ သူ့အမျိုးသမီးကို တွေ့လိုက်ရပါတယ်။ အမျိုးသမီးကို ကျောပေါ်တင် လေးခြံအကွာက သူ့အိမ်ကို ပြန်ပို့ပြီး သမီးဖြစ်သူကို ပြန်ရှာချိန်မှာတော့ မင်္ဂလာဆောင်အိမ်အနီးက အိမ်တစ်အိမ်မှာ ခေါ်ထားပြီး ခေါင်းထိခိုက်ဒဏ်ရာရရှိထားပါပြီ။
“နောက်ထပ်များ ပစ်မှာလေလားလို့ စိုးရိမ်ပေမယ့် ကျွန်တော့် မိန်းမနဲ့ ကလေးကို စိုးရိမ်လို့ လိုက်ရှာတော့တာပဲ” လို့ အသက် ၅၅ နှစ်အရွယ် ဦးအောင်ဇော် (အမည်လွှဲ) က ရတက်မအေးစွာနဲ့ ပြန်ပြောပါတယ်။
ဒီအဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇွန် ၃ ရက်မှာ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မတောကျေးရွာကို စစ်ကောင်စီတပ်က ဖျက်အားပြင်းဗုံးနဲ့ လေကြောင်းကနေ ကြဲချတိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်ခံရတဲ့နေ့မှာ အရပ်သား ၂၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၃၃ ဦးထက်မနည်း ရှိခဲ့ပါတယ်။
အဲဒီနောက် မင်းကင်းမြို့ပေါ်က စစ်ကောင်စီတပ်ဟာ လက်နက်ကြီးတွေနဲ့ ရွာထဲကို ထပ်မံပစ်ခတ်ခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်ဆောင်တာတွေ ကြန့်ကြာခဲ့ရပြီး နောက်တိုး သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ ဇွန် ၅ ရက်အထိ သေဆုံးသူဦးရေ ၂၈ ဦးရှိလာပြီး ဒဏ်ရာရရှိသူ ၆၆ ဦးထက်မနည်း ရှိလာခဲ့ပါပြီ။
ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ အခု မတောကျေးရွာဖြစ်စဉ်အပါအဝင် ပဇီကြီး၊ မုန်လိုင်ခက်စတဲ့ ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း အကြိမ် ၂၄၀ ထက်မနည်းကျူးလွန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာနေတဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ မေလ ၂၁ ရက်ထုတ် အစီရင်ခံစာအရ အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပေါင်း ၈၁၉ ခုပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အစီရင်ခံစာအရ စစ်ကောင်စီက တစ်ရက်ကို ပျှမ်းမျှအားဖြင့် လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ခြောက်ကြိမ်ခန့်ပြုလုပ်နေတယ်လို့ သိရပါတယ်။
အခုနှစ် လေးလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၃၅၉ ဦးရှိပြီး ၇၅၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဦးအောင်ဇော်တို့ နေထိုင်တဲ့ မတောကျေးရွာလေးကတော့ လူဦးရေ ၃၀၀ ဝန်းကျင်ရှိတဲ့ ကျေးရွာပါ။ မင်းကင်းမြို့နဲ့ဆိုရင် နှစ်မိုင်ခန့်သာ ကွာဝေးပါတယ်။ ရွာထဲမှာ သာရေးနာရေးရှိတယ်ဆိုရင် ရွာလုံးကျွတ် ကူညီရင်း ပါဝင်ဆင်နွှဲကြတာက ဓလေ့တစ်ခုလိုပါ။
လေကြောင်းဗုံးကြဲခံရတဲ့နေ့ကဆိုရင် မင်္ဂလာဆောင်မှာ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေကလွဲရင် တစ်ရွာလုံးနီးပါး ပါဝင်ဆင်နွှဲကြတယ်လို့ သူက ဆိုပါတယ်။
ဦးအောင်ဇော်ကတော့ မင်္ဂလာဆောင်မှာကူညီပြီး ဗုံးမကြဲခင်လေးမှာ နွားစာကျွေးဖို့ အိမ်ပြန်ရင်း ဒီသေဘေးကနေ လွတ်မြောက်ခဲ့တာပါ။ ဒါပေမယ့် အသက် ၆၀ ဝန်းကျင်ရှိတဲ့ သူ့ယောက္ခမ သေဆုံးခဲ့ရပါတယ်။
သူ့အမျိုးသမီးလည်း ပြင်းထန်ဒဏ်ရာနဲ့ လက်ရှိမှာ ဆေးရုံတက်နေရတာဖြစ်ပြီး သမီးငယ်လေးကတော့ ဦးခေါင်းမှာ အသေးစားဒဏ်ရာတချို့ ရရှိခဲ့တာပါ။
“ကျွန်တော် မင်္ဂလာပွဲကနေ ပြန်လာတာ ငါးမိနစ်တောင် မရှိသေးဘူး။ ကိုယ့်သားသမီး၊ ကိုယ့်မိန်းမ ဖြစ်တယ်ဆိုတော့ ရင်ထုမနာပါပဲ” လို့ ဦးအောင်ဇော်က သူခံစားခဲ့ရတာကို ဆိုပါတယ်။
ပျော်ပျော်ရွှင်ရွှင် သိုက်သိုက်ဝန်းဝန်း မင်္ဂလာယူနေကြရာကနေ ခဏချင်းဆိုသလို အနိဌာရုံအဖြစ် ပြောင်းလဲသွားခဲ့တာကြောင့် “ဟာ မြင်မကောင်းပဲ။ သစ်ပင်တွေလဲ ပိတဲ့သူက ပိ။ သေတဲ့သူက သေ၊ ခြေလက်ပြတ်တဲ့ သူကပြတ်။ မြင်မကောင်းပါဘူး။ ကျွန်တော့်မိန်းမကို ရှာရင်း ပွေ့ခေါ်လာတဲ့ အချိန် အဲဒါတွေ ကျော်ဖြတ်လာခဲ့ရတာပဲ” လို့ ဦးအောင်ဇော်က အဲဒီတုန်းက အခြေအနေကို ပြောပါတယ်။
အဲဒီနောက် ရွာထဲကို စစ်ကောင်စီတပ်တွေက မင်းကင်းမြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ နောက်ထပ်ပစ်ခတ်နေတာကြောင့် ရွာနီးချုပ်စပ်က တောတွေထဲမှာ ရွာလုံးကျွတ် ရှောင်တိမ်းနေကြရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
စစ်ကောင်စီဝါဒဖြန့်သူတွေကတော့ ဒီမင်္ဂလာဆောင်ဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးရဲ့ မင်္ဂလာဆောင်ဖြစ်တာကြောင့် တိုက်ခိုက်ခံရတာလို့ ဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ “အဘက်ဘက်က ရှုံးနိမ့်နေတဲ့ စစ်ကောင်စီက တော်လှန်ရေးကို ပုံဖျက်ဖို့ ပြည်သူလူထုကို အကြောက်တရားသွင်းဖို့ အခုလို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်လာနေတာ” လို့ တုံ့ပြန်ထားပါတယ်။
“ပြည်သူတွေ သေနေကြတယ်။ တော်လှန်ရေး လုပ်နေတယ်ဆိုတဲ့ လူတွေလည်း ရပ်ကြပါတော့ဆိုတဲ့ တတိယလှိုင်းကို တင်ချင်တာမျိုးလည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုအနေနဲ့ တော်လှန်ရေးကို ပုံဖျက်ဖို့အတွက်လည်း အလိမ်အညာသဘောမျိုး သုံးတာ တွေ့ရတယ်။ အဲဒီတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် မဟုတ်ဘူး။ တစ်ချက်ခုတ် သုံးချက်ပြတ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ ဒီရက်ပိုင်းတွေမှာ ပိုတိုးပြီး လုပ်လာတာတွေ့ရပါတယ်” လို့ သူက ပြောပါတယ်။
NUG အနေနဲ့လည်း စစ်ကောင်စီကျူးလွန်သမျှ ကိစ္စရပ်တိုင်းကို ပြန်လည်အရေးယူနိုင်ဖို့ မျက်မြင်သက်သေတွေကို မေးမြန်းစုဆောင်းကာ မှတ်တမ်းတင်ထားသလို ကျန်ရစ်သူမိသားစုတွေကို ကူညီဆောင်ရွက်တာတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စားဝတ်နေရေးအပြင် ပိုလျှံတာမရှိတဲ့ ဦးအောင်ဇော်အတွက်တော့ ဇနီးဖြစ်သူ အသက်ရှင်ဖို့ အရေးကြီးတာကြောင့် ခွဲစိတ်ကုသဖို့ ငွေကြေးလိုအပ်နေတယ်လို့ သူက ဆိုပါတယ်။
သေဆုံးသွားသူတွေထဲ သူငယ်ချင်းမိတ်ဆွေတွေလည်း ပါသွားတာကို ဝမ်းနည်းကြေကွဲရင်း ဦးအောင်ဇော် ရင်ဆိုင်ကျော်လွှားနေရတဲ့ ခံစားချက်ကတော့
“ဖြစ်ပြီးမှတော့ ဘာမှလည်း ပြန်ပြောလို့ မရဘူး။ စိတ်နှလုံး ဒုံးဒုံးချပြီး ကိုယ့်ဇနီး၊ သားသမီးကျန်းမာရေး ကောင်းပါစေပဲ ဆုတောင်းနေမိတော့တာပဲ”