ထားဝယ်မြို့၊ မူလတန်းကျောင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကျောင်းတက်ရောက်သူမရှိ
*****************************
သဇင်
မေ ၅ ၊၂၀၂၄။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် မနေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး နောက် ယနေ့မနက်ပိုင်းတွင် ကျောင်းဖွင့်လှစ်ထားသော်လည်း ကျောင်းတက်ရောက်သူမရှိဖြစ်နေသည်ဟု ဒေသခံများ ထံမှသိရသည်။
ယမန်နေ့ ဇွန်လ ၄ ရက် နေ့လည်ပိုင်းက ကျောင်းဝင်းအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး အသက် ၉ နှစ်အရွယ် တတိယ တန်းကျောင်းသားတစ်ဦးသေဆုံးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၆ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိကာ ဆေးကုသ မှုခံယူနေဆဲဖြစ်သည်။
ယနေ့ ဇွန်လ ၅ ရက်မနက်ပိုင်းတွင် စစ်ကောင်စီတပ်က ရှင်းလင်းရေးတစ်ချို့ လုပ်ဆောင်ထားပြီး စာသင်ကျောင်းကို ပြန်လည်ဖွင့်လှစ်ထားသော်လည်း ရောက်သူကျောင်းသား၊ ကျောင်းသူများ မရှိဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“မနေ့က ပေါက်ကွဲမှုဖြစ်ပြီးကတည်းက ကလေးတွေကို အကုန်ထွက်ပြေးသွားကြတာ။ ဒီနေ့မနက်မှာ သူတို့ကျန်ခဲ့တဲ့ လွယ်အိတ်တွေ၊ ဖိနပ်တွေ လာယူပြီးပြန်သွားကြတယ်။ ကျောင်းကတော့ ပုံမှန်အတိုင်းဖွင့်ထားသေးတယ်”ဟုဆိုသည်။
ကျောင်းဝင်းအတွင်း ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့်သူများမှ တော်လှန်ရေးတပ်ဖွဲ့များ၏လက်ချက်ဟု စွပ်စွဲထားပေမယ့် ဒေသခံများမှ ပြီးခဲ့သည့် မေ ၁၃ ရက်နေ့က ယင်းနေရာတစ်ဝိုက်တွင် တိုက်ပွဲတစ်ချို့ဖြစ်ပွားခဲ့ပြီး ကျန်ရှိခဲ့သည့် စစ်လက်နက်ပစ္စည်းများဖြစ်နိုင်သည်ဟု ယူဆနေကြသည်။
ကျောင်းအနီးနေထိုင်သူတစ်ဦးက ကလေးတစ်ချို့ပြောစကားကို ကိုးကားပြီး “ကလေးတွေက အော်ပြီးပြေးလာတာ။ ပေါက်ကွဲတဲ့ဟာ သူကိုင်ထားပြီး ရောင်းစားမှာဆိုပြီး မြေပြီးပေါ် နှစ်ခါပစ်ချပြီး ဆော့သေးတယ်၊ မကွဲဘူးတဲ့။ နောက် တော့ သံမန်သလင်းပေါ်ရောက်မှပေါက်သွားတယ်လို့ ကလေးတွေပြောတယ်” ဟု ဆိုသည်။
အလားတူ ထားဝယ်မြို့လယ်ရှိ အထက်တန်းကျောင်းတွင်လည်း သတ္တမတန်းအရွယ် ကျောင်းသားတစ်ဦးအား ကျည်ထိ မှန်ထိမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးကဆိုသည်။
“မနေ့က ထမင်းစားလွှတ်ချိန်လောက်မှာ ၇ တန်းအရွယ်ကျောင်းသားလေးက အိမ်သာထဲမှာရှိနေတုန်း ကျည်လာမှန်လို့ ဆေးရုံတင်ထားတယ်လို့ သိရတယ်။ ကျည်က ဘယ်ကလာလဲဆိုရင်တော့ အဲ့နားမှာ မြို့မရဲစခန်းပဲရှိတော့ အဲ့ဒီနေရာ ကပဲ ကျည်ပေါက်ထွက်ပြီးလာမှန်တာလားမပြောတတ်ဘူး” ဟုဆိုသည်။
ယင်းကိစ္စနဲ့ပတ်သက်၍ သံလွင်ခက်အနေဖြင့် အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
မြေမြှပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက် အကြွင်းအကျန်တွေကြောင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ထိခိုက် သေဆုံးသူပေါင်း ၁,၀၅၂ ဦးရှိခဲ့သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက ထုတ်ပြန်ထားသည်။
ပုံစာ-ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက် မြင်ကွင်း။
****
Telegram – > https://t.me/ThanLwinKhetNews/4735
YouTube -> https://youtu.be/KwSXeUzdSnI?si=IYEm8j7oervYx5q0
Website -> https://thanlwinkhet.net/?p=10382