တောင်ငူ – သံတောင်လမ်းတွင် မာရှယ်လောထုတ်ပြန်
********
ယမင်းဖူးပွင့်အောင်
မေ ၂၅၊ ၂၀၂၄။
တောင်ငူ – သံတောင်လမ်းပိုင်းတွင် ညမထွက်ရအမိန့်(မာရှယ်လော)ထုတ်ပြန်ထားသည်ဟု ဒေသခံများထံကသိရသည်။
လွန်ခဲ့သည့် ၄ ရက်ခန့်ကစ၍ တောင်ငူ-သံတောင်လမ်းပိုင်းကြားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များက ညနေ ၆ နာရီကနေ နံနက် ၄ နာရီအထိ ဖြတ်သန်းသွားလာခွင့်မပေးတော့ခြင်းဖြစ်သည်ဟု တောင်ငူ လူမှုကူညီရေးအသင်းဝင် ၁ ဦးက သံလွင်ခက်ကိုပြောသည်။
“တားမြစ်ထားတဲ့အချိန်တွေရှိရင်တော့ အခက်အခဲရှိတယ်။ အန္တရာယ်များတယ်။ လုံးဝပေးမဖြတ်တော့လည်း စောင့်ရတာပေါ့။ မှန်လုံကားတွေနဲ့မဟုတ်ဘဲ အမိုးပွင့်ကားတွေနဲ့သွားရတာတွေရှိတယ်” ဟုဆိုသည်။
တောင်ငူမြို့ပြင် ၄ မိုင်ဂိတ်ကစ၍ သံတောင်မြို့အထိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ၁၀ ခုကျော်ရှိသည်ဟုလည်း ၎င်းကဆက်ပြောသည်။
လွန်ခဲ့သည့် မေလ ၂၃ ရက်ကလည်း ညနေ ၆ နာရီနောက်ပိုင်း ၄ မိုင်ဂိတ်ကဖြတ်သွားသည့် ဆိုင်ကယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကပစ်ခတ်ခဲ့ရာ လူငယ် ၁ဦး သေဆုံးခဲ့သည်ဟု ဒေသတွင်းသတင်းများ၏ ဖော်ပြချက်အရသိရသည်။
သံတောင်ဒေသခံ အမျိုးသမီး ၁ ဦးကလည်း “ပစ်ခတ်မှုကတော့ ပဲခူးဘက်တွေမှာ ကြိုကြားကြိုကြားတော့ဖြစ်နေကကျပဲ” ဟုဆိုသည်။
ထို့ကြောင့် ကျန်းမာရေးကိစ္စ၊ အရေးကြီးကိစ္စများကြောင့် ဖြတ်သန်းသွားလာရန်လိုအပ်ပါက လုံခြုံရေးသတိထားကြရန်လည်း ဒေသခံများကတိုက်တွန်းထားကြသည်။
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၁၃ မိုင်တွင် ပြီးခဲ့သည့် မေလ ၁ ရက်က စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် တောင်ငူ – သံတောင်လမ်း ၇ မိုင် အကျော်တွင် ဒေသခံအချို့ စစ်ကောင်စီတပ်၏ ဖမ်းဆီးစစ်ဆေးခြင်း ခံခဲ့ရသေးသည်။
****
Telegram – > https://thanlwinkhet.net/?p=6697
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=6697