စက်ရုံအလုပ်သမားများ ဖိနှိပ်မှုများဖြင့် ပိုမိုရင်ဆိုင်နေရ
********
စကားမောင်
မေ ၂၂၊ ၂၀၂၄။
ရန်ကုန်မြို့ရှိစက်ရုံအချို့တွင် ၁ ရက်လုပ်ခလစာ မြန်မာကျပ်ငွေ ၄,၈၀၀ အပြင် အပိုထောက်ပံ့ကြေး ၂,၀၀၀ ကျပ် ဟူ၍ ထပ်ပေါင်းတိုးမြှင့်ခဲ့သော်လည်း ပိုမိုခက်ခဲလာနေသည်ဟု စက်ရုံအလုပ်သမားများထံက သိရသည်။
ထောက်ပံ့ကြေး ၁,၀၀၀ ကျပ်သာရရှိနေသောစက်ရုံများတွင်လည်း နည်းလမ်းမျိုးစုံဖြင့် ခက်ခဲလျှက်ရှိသည်ဟု စက် ရုံအလုပ်သမားများက ဆိုသည်။
စက်ရုံများတွင် နေရပ်ပြန်ကြသူများ၊ ပြည်ပရွှေ့ပြောင်းလုပ်ကိုင်သူများနှင့် အခြားသောအကြောင်းအရင်း များကြောင့် အလုပ်သမားလိုအပ်ချက်များရှိလာ၍ ယခုကဲ့သို့ပင် အလုပ်သမားများ တိုးမြှင့်ခေါ်ယူနေခြင်းဖြစ် သည်ဟု သိရသည်။
ထိုကဲ့သို့တိုးမြှင့်ပေးခဲ့သော်လည်း လုပ်ငန်းရှင်များသည် ယခင်ကထက် အလုပ်ပိုတိုးခိုင်းစေခြင်း၊ အနားယူချိန် အနည်းငယ်သာပေးခြင်းနှင့် လုပ်ငန်းခွင်ဖိနှိပ်မှုများသာ ပိုတိုးလာနေသည်ဟု အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေ သူ အမျိုးသမီး ၁ ဦးက ဆိုသည်။
“အဲ့ဒီပိုက်ဆံ ၁,၀၀၀ တိုးပေးတာနဲ့အညီ သူတို့ဘက်ကနေ လစာတွေလည်း တိုးပေးထားတဲ့အတွက်ကြောင့်မလို့ အလုပ်တွေပိုပြီးတော့လုပ်ရတယ်။ အာဝါတီ (သတ်မှတ်ထုတ်ကုန်စံချိန်) တွေပိုပြီးတော့ အတောင်းခံရတယ်။ ပိုပြီး တော့ဆိုးလာတယ်ပေါ့နော်။ အဲဒီအကျိုးပဲထူးလာတယ်”ဟု ၎င်းကပြောသည်။
သတ်မှတ်ထုတ်ကုန်စံချိန်များထက် ပို၍မပေးနိုင်လျှင် အလုပ်သမားများကို ဆဲဆိုခိုင်းစေခြင်းများ၊ အလုပ်ဖွင့်ရက် များတွင်သာမက ပိတ်ရက်များတွင်လည်း ဖိအားပေးအချိန်ပိုဆင်းခိုင်းခြင်းများ ရှိနေသည်ဟုသိရသည်။
“၁,၀၀၀ ဆိုတာလည်း ကျွန်တော်တို့အတွက် ၁ လ လုံးဆင်းမှ ၃၀,၀၀၀ လေ။ တချို့ရုံတွေဆိုရင် ထပ်ပေါင်းပေးတဲ့ ၁,၀၀၀ တောင် ပိတ်ရက်ဆိုမပေးဘူး။ တစ်နေ့ဝင်ငွေ ၁၀,၀၀၀ ရှိရင် ကျွန်တော်တို့အိမ်စရိတ်ကလည်း ၁၀,၀၀၀ လောက်ကုန်နေတဲ့အတွက် သိပ်ပြီး ဘာမှပိုထူးလာမယ်မထင်ဘူး” ဟု စက်ရုံတွင်အလုပ်လုပ်ကိုင်နေသူ အမျိုးသား ၁ ဦးကပြောသည်။
ပြီးခဲ့သော ဧပြီလသင်္ကြန်ကာလအတွင်း ဂရိတ်ကြေး (ကျွမ်းကျင်ကြေး)များကို အဆင့်လိုက်ဖြတ်ချထားကာ အတိ အကျရှင်းပြခြင်းမရှိဘဲ အလုပ်သမားများ၏လစာအား ၃၀,၀၀၀ ကျပ်ကနေ ၅၀,၀၀၀ ကျပ်အထိ နှုတ်ယူခြင်းများ ရှိနေသည်ဟု ဆိုသည်။
“လုပ်ခလစာကိုတော့ ကုန်ဈေးနှုန်းနဲ့အလိုက်ညီမျှအောင်တော့ တိုးစေချင်တယ်။ အဲဒါမှလည်း ကျွန်တော်တို့ အလုပ်သမားတွေအတွက် အကုန်လုံဲးအဆင်ပြေကြမယ်။ အခုက ကျွန်တော်တို့ အသက်ရှင်တာက ဒီလုပ်ငန်းခွင် ထဲ လာလိုက်၊ စားဖို့လောက်ပဲ လာလုပ်ပြီးတော့ ကျွန်တော်တို့အတွက်က အဓိပ္ပာယ်မရှိသလိုမျိုးခံစားရတာ”ဟု ၎င်း ကပြောသည်။
လက်ရှိတွင် ဆန် ၁ ပြည်လျှင် ၆,၀၀၀ ခန့်နှင့် စားဆီ ၁ ပိဿာလျှင် ၈၀,၀၀ ကျော်အထိ ကုန်ဈေးနှုန်းများ မြင့်တက်လာသည့်အတွက် စားဝတ်နေရေးတွင် ပိုမိုခက်ခဲနေသည်ဟု သတင်းရင်းမြစ်များထံကသိရသည်။
“အစိုးရဆိုတာကြီးကတော့ မျှော်လင့်လို့မရဘူးပေါ့နော်။ ဒီလုပ်ခလစာကို စုပေါင်းတောင်းဆိုမယ် ဆိုရင်လည်း အလုပ်သမားတွေအတွက် အရမ်းကိုစိုးရိမ်စရာကောင်းတယ်ပေါ့နော်။ လုပ်ငန်းရှင်ကတော့ သဘောကောင်းပြီး တိုးပေးတယ်ဆိုတာတော့ မရှိဘူး။ ညီမတို့ မျှော်လင့်တာကတော့ ဒီကုန်ဈေးနှုန်းလေးသာ ပုံမှန်အတိုင်းရှိမယ် ဆို ရင်တော့ ပိုအဆင်ပြေမယ်တော့ထင်တယ်”ဟု စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေသူ မယမင်း ကပြောသည်။
လုပ်ခလစာမတိုးပေးလိုသည့်လုပ်ငန်းရှင်များသည် ထောက်ပံ့ကြေး ၁,၀၀၀ ကျပ်ပေးရသည်ကို အကြောင်းပြနေ သည့်အပြင် အခြားသောအကြောင်းပြချက်များဖြင့်လည်း လစာထဲက ပြန်လည်ဖြတ်ယူခြင်းများရှိသည်ဟု သိရ သည်။
“ငါးကြင်းဆီနဲ့ ငါးကြင်းကြော်သလိုပဲ။ ဘာမှသိပ်ပြီးကွာခြားမသွားဘူး။ နောက်တခုကတော့ ခိုင်မာမှုမရှိတာ။ ထပ် ဆောင်း ၁,၀၀၀ တိုးပေးတယ်လို့ပြောတယ်။ ဒါပေမယ့် မရတဲ့စက်ရုံတွေမရဘူး။ အနိမ့်ဆုံးအခကြေးငွေနဲ့ မဆိုင်ဘူး လည်းပြောတယ်။ ၅,၈၀၀ ထက်ပိုရနေတဲ့စက်ရုံတွေကျတော့ တိုးမပေးဘူးပေါ့နော်”ဟု အလုပ်သမားရေး လှုပ် ရှားသူ ၁ ဦးကဆိုသည်။
အလုပ်သမား ၁ ယောက်၏ အလုပ်ချိန် ၈နာရီအတွက် လုပ်ခလစာမှာ ဗဟိုဘဏ်ပေါက်ဈေးဖြင့် ၃ ဒေါ်လာ အထက်ရသင့်သည်ဟု ၎င်းကဆိုသည်။
“သူ့ဟာသူ ကုန်ဈေးနှုန်းပဲတက်တက်။ ဒေါ်လာဈေးပဲတက်တက်။ ရွှေဈေးပဲတက်တက်။ အလုပ်သမားတွေရဲ့ အနိမ့်ဆုံးအခကြေးငွေက ၃ ဒေါ်လာအောက်ရောက်မနေဘူးဆိုရင်တော့ ကုန်ဈေးနှုန်းနဲ့ လစာနဲ့ကြောင့်ဖြစ်နေတဲ့ အခက်အခဲတွေက ဖြေရှင်းပြီးသားဖြစ်သွားမယ်။ မပိုလျှံဘူးဆိုရင်တောင်မှ စားဝတ်နေရေးအတွက် မပူရမပန်ရ လောက်လောက်ငှငှ ဖြစ်သွားမယ်ဗျာ”ဟု ဆက်လက်ပြောဆိုသည်။
လက်ရှိတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေနှင့် သန်းခေါင်စာရင်းစစ်ဆေးမှုများကြောင့် အလုပ်သမားများ အချိန် ပိုဆင်းရန်ခက်ခဲနေပြီး ယင်းအပေါ်တွင်လည်း စိုးရိမ်မှုများရှိနေသည်။
၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ချက်ကို ပြန်လည်သတ်မှတ်ခဲ့ပြီး တစ်နေ့လျှင် ၄,၈၀၀ ကျပ် (အကြမ်းဖျင်းအားဖြင့် တစ်နာရီလျှင် ၆၀၀ ကျပ်) ဖြစ်သည်။
ထိုသတ်မှတ်ချက်အရ ၁ လလျှင် အနည်းဆုံး မြန်မာငွေ ၁၄၀,၀၀၀ ခန့်သာရရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းထိုင်းနိုင်ငံတွင် အလုပ်ချိန် ၈ နာရီ အတွက် အခြေခံလုပ်ခလစာမှာ ထိုင်းဘတ်ငွေ ၃၃၀ ကနေ ၃၇၀ ဘတ် အထိ (တစ်နာရီလျှင် မြန်မာကျပ်ငွေ ၄,၀၀၀ ကျော်ခန့်) ဖြစ်သည်။
ယနေ့ဈေးကွက်ပေါက်ဈေးဖြင့်ဆိုလျှင် မြန်မာကျပ်ငွေ ၃၅,၀၀၀ ကနေ ၄၀,၀၀၀ ကျပ်ဝန်းကျင်ခန့်ဖြစ်ပြီး ထိုသက်မှတ်ချက်အရဆိုလျှင်တော့ ၁ လလျှင် အနည်းဆုံး မြန်မာငွေကျပ် ၁၀၈,၀၀၀,၀ ကျပ်ဝန်းကျင် ရရှိ မည်ဖြစ်သည်။